နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုပြီး နိုင်ငံတကာအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ် ဖိအားတွေ မလျှော့လိုက်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ "မီးစတစ်ဖက်၊ရေမှုတ်တစ်ဖက်" ဗျူဟာကို သုံးနေတာလို့ ဒီကနေ့ပြောကြားတဲ့ နိုင်ငံအခြေပြ အရေးပေါ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် အကျဉ်းသားတွေကို လွှတ်ပြနေပေမယ့် တကယ့်လက်တွေ့မှာတော့ နိုင်ငံတဝန်း စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို နေ့တိုင်းရက်ရက်စက်စက် ကျူးလွန်နေတုန်းပဲလို့ သမ္မတက ထောက်ပြပါတယ်။ ဒီအချက်တွေကို နိုင်ငံတကာက မေ့မထားဖို့ လိုတယ်လို့ ဆိုပါတယ်။
အခုလွှတ်ပေးလိုက်တဲ့သူတွေထဲမှာ သက်ဆိုင်ရာ နိုင်ငံတွေက လွှတ်ပေးဖို့ အပြင်းအထန်တောင်းဆိုနေတဲ့ နိုင်ငံခြားသားတွေလည်း ပါပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း သူတို့ အမေရိကန်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာကို ကြိုဆိုပေမယ့် စစ်ကောင်စီဟာ လူမဆန်ရက်စက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတုန်းပဲလို့ မနေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာဟာ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲက တစ်ချက်လည်းဖြစ်ပါတယ်။
NUG သမ္မတ ဒူဝါလရှီးလကတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးခံနေရဆဲပဲလို့ ထောက်ပြပြောဆိုပါတယ်။
အဖမ်းအဆီးစာရင်းတွေပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ အခုလွှတ်တဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၃ ယောက်ပဲပါတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အခုပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေကို မူလချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကနေ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာမဟုတ်ဘဲ၊ နောက်တစ်ကြိမ်ဖမ်းဆီးခံရရင် ကျန်နေသေးတဲ့ထောင်ဒဏ်တွေကို ဆက်ပြီးကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကတော့ စစ်ကောင်စီက အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုတယ်လို့ ပြောဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံတကာဖိအားတွေ၊ နိုင်ငံတကာနဲ့ အပေးအယူလုပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုး မဟုတ်ဘူးလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်လုပ်ပြီး ပြောဆိုလိုက်ပါတယ်။