အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရယူထားတဲ့ ရန်ကုန်မြို့၊အင်းလျားလမ်း ခြံနံပါတ် ၁၄ နေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က လေလံတင်ရောင်းချရာ ငါးရက်အတွင်းမှာတင် ဒေါ်လာသုံးသန်းဖိုးအထိ ဝယ်ယူခဲ့ကြတယ်လို့ NUG ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
ဒီအိမ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ရောင်းချဖို့ NUG က မျှော်မှန်းထားတာကြောင့် လက်ရှိငါးရက်အတွင်း ရောင်းရတဲ့ ပမာဏဟာ မျှော်မှန်းပမာဏရဲ့ သုံးပုံတစ်ပုံလောက် ပမာဏဖြစ်တယ်လို့ ဦးတင်ထွန်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မေလ ၁ဝ ရက်နေ့မှာ အသိပေးပြောဆိုထားပါတယ်။ လေလံကို မေလ ၅ ရက်နေ့က စတင်ရောင်းချနေတာ ဖြစ်ပါတယ်။
အင်းလျားလမ်း ခြံနံပါတ် (၁၄) နေအိမ်ကို ပြည်တွင်း၊ပြည်ပက မြန်မာပြည်ဖွားတိုင်းရင်းသားတွေ ဝယ်ယူနေကြတာဖြစ်ပြီး၊ ဝယ်တဲ့သူ ၁ဝ ရာခိုင်နှုန်းကျော်ဟာ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒီအိမ်ရဲ့ ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၁ဝဝ နဲ့ အစုရှယ်ယာတစ်သိန်းရောင်းချဖို့ NUG က စီစဉ်ထားတာပါ။
စစ်ခေါင်းဆောင်ရာယူထားတဲ့ ရန်ကုန်မြို့ အင်းလျားလမ်း ခြံနံပါတ် ၁၄ ဟာ မြေအကျယ်အဝန်း ၁.၈၆ ဧကရှိပြီး၊ လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာ သန်း ၃ဝ ခန့် တန်ဖိုးရှိပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်နိုင်ချိန်မှာ စစ်ခေါင်းဆောင်ရဲ့ နေအိမ်ကို ဈေးပြိုင်စနစ်နဲ့ လေလံတင်ပြန်ရောင်းချပြီး အခုဝယ်ယူထားတဲ့သူတွေကို အကျိုးအမြတ်ပြန်ပေးသွားမယ်လို့ NUG က အသိပေးထားပါတယ်။