စစ်ကောင်စီကို အရေးယူရေးကိစ္စ NUG နဲ့ ဗြိတိန်၊ ကနေဒါ ကုလသံအမတ်တွေ ဆွေးနွေး

RFA Burmese
2023.09.26
စစ်ကောင်စီကို အရေးယူရေးကိစ္စ NUG နဲ့ ဗြိတိန်၊ ကနေဒါ ကုလသံအမတ်တွေ ဆွေးနွေး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဗြိတိန်နိုင်ငံ ကုလအမြဲတမ်းကိုယ်စားလှယ် Barbara Woodward တို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်။
NUG

စစ်ကောင်စီကို အရေးယူဖိအားပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာလ ၂၅ ရက်က တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဗြိတိန်နိုင်ငံ ကုလအမြဲတမ်းကိုယ်စားလှယ် Barbara Woodward နဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ တွေ့ဆုံမှုမှာ စစ်ကောင်စီဆီ လက်နက်တင်သွင်းမှု၊ လေယာဉ်ဆီတင်သွင်းမှုတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ဆွေးနွေးခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၉၉ အတွက် ဗြိတိန်နိုင်ငံရဲ့ ဦးဆောင်မှုအပေါ် ကျေးဇူးတင်တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ကနေဒါနိုင်ငံ ကုလအမြဲတမ်းကိုယ်စားလှယ် Bob Rae နဲ့ တွေ့ဆုံမှုမှာလည်း စစ်ကောင်စီ ကို ပိုပြီးဖိအားပေး အရေးယူနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂမှာ ၇၈ ကြိမ်မြောက် အထွေထွေညီလာခံ ကျင်းပနေတဲ့အချိန်အတွင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဝန်ကြီးတချို့ နယူးယောက်မြို့ကို ရောက်နေတာပါ။

ဒီအတောအတွင်း အမေရိကန် အာရှ-ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး၊ လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီး၊ အရှေ့တီမောနိုင်ငံသမ္မတ အပါအဝင် နိုင်ငံတချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးမှုတွေမှာ စစ်ကောင်စီကို အရေးယူဖို့နဲ့ မြန်မာ့ဒီမိုကရေစီအရေး ပူးပေါင်း ဆောင်ရွက်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။