Bago Weekly သတင်းထောက် ကိုငြိမ်းချမ်းဝေ ထောင် ၁၁ နှစ်ကျော် ချမှတ်ခံရ

ဖမ်းဆီးခံထားရတဲ့ Bago Weekly ဂျာနယ်က သတင်းထောက် ကိုငြိမ်းချမ်းဝေကို သာယာဝတီ ထောင်တွင်း တရားရုံးကနေ စုစုပေါင်း ထောင် ၁၁ နှစ်နဲ့ သုံးလ ချမှတ် လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒါ့အပြင် ဇနီးဖြစ်သူ မဝေဝေလွင် ကိုလည်း ဖမ်းဆီးတရားစွဲထားပြီး အသက် ၂ နှစ်အရွယ် သမီးဟာလည်း သာယာဝတီထောင်ထဲမှာ မိခင်နဲ့အတူရောက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မေလကတည်းက ဖမ်းဆီးခံထားရတဲ့ ကိုငြိမ်းချမ်းဝေ ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စွပ်စွဲခံရပြီး ထောင် သုံးနှစ် ချမှတ်ခံထားရသလို မတ်လ ၁၁ ရက်နေ့က သာယာဝတီ ထောင်တွင်းတရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (ဂ) နဲ့ ထောင်ဒဏ် ရှစ်နှစ်၊ ဒဏ်ငွေ ကျပ် တစ်သောင်း မပေးတဲ့အတွက် ထောင် သုံးလ ဆိုပြီး ချမှတ်ခံခဲ့ထားရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်က ကိုငြိမ်းချမ်းဝေ ရုံးထုတ်လာစဉ် ဇနီးဖြစ်သူ မဝေဝေလွင်က သူ့ဖုန်းနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်တာကို PDF နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီး ခံလိုက်ရတယ်လို့ မိသားစု နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မဝေဝေလွင် ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ စွပ်စွဲဖမ်းဆီးထားပြီး လက်ရှိမှာ တရားရင်ဆိုင်နေရဆဲဖြစ်ကာ အာရုံကြောရောဂါ ခံစားနေရလို့ ဖမ်းဆီးခံရချိန်ကလည်း ဆေးရုံတက်ခဲ့ရသေးတယ်လို့လည်း ပြောပါတယ်။
သူတို့ရဲ့ အသက် ၂ နှစ်ခွဲအရွယ် သမီးဟာလည်း မိခင်နဲ့အတူ သာယာဝတီ အကျဉ်းထောင် ထဲမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တပ်ကအာဏာသိမ်းပြီးနောက် သတင်း သမား ၁၁၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ၄၅ ယောက်ခန့်ဟာ လက်ရှိမှာဆက်လက် ဖမ်းဆီးခံထားရပါတယ်။