ကယားပြည်နယ် (ကရင်နီပြည်) မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ မဟာမိတ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဇွန်လ ၁၃ ရက် မနက်အစောပိုင်း ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်နယ်၊ စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ ကယားနယ်စပ် သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ တောင်လှစခန်း၊ BP-14 စခန်းနဲ့ မယ်စဲ့မြို့မရဲစခန်းတို့ကို တော်လှန်ရေးစုပေါင်းတပ်တွေပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်သလို၊ လက်နက်တွေပါရခဲ့တယ်လို့ ကရင်နီပြည်နယ်၊ စစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
"စခန်းတွေသိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေရခဲ့တာ ဟုတ်ပါတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ အတိအကျမပြောနိုင်သေးဘူး၊ သူတို့ဘက်ကလည်း တိုက်ပွဲတွေ ဖြစ်ပြီး လေယာဉ်လေးစီးနဲ့ လာပစ်ခတ်သေးတယ်၊ မယ်စဲ့မြို့ပေါ်ကို လက်နက်ကြီး ပစ်ခတ်မှုတွေလည်း လုပ်တယ်။ အကျဆုံးတော့ရှိနိုင်တယ်။ မြေပြင်အခြေအနေ သတင်းအသေးစိတ်ကို ထုတ်ပြန်ပေးပါမယ်"
တောင်လှစခန်းဟာ သံလွင်အရှေ့ဘက်ခြမ်း BP-14၊ 15 ဘက်မှာရှိပြီး စစ်ကောင်စီတပ် အတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သိုလောင်ထားတဲ့ ဂိုဒေါင်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။
ရဲအင်အား ၁၀ ဦးပဲရှိတဲ့ မယ်စဲ့မြို့မရဲစခန်းမှာတော့ စခန်းမှူးသေဆုံးပြီး လက်နက်တွေပါ ရခဲ့တယ်လို့ ကရင်နီပြည်နယ်၊ စစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတယ် ဆိုတာနဲ့ နှစ်ဖက်ကျဆုံးမှုအခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို တော်လှန်ရေး စုပေါင်းတပ်တွေဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။
စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာတွေမှာတော့ မယ်စဲ့မြို့မရဲစခန်းကို KNPP နဲ့ PDF အဖွဲ့တွေ ဒီနေ့မနက် ၄ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပေမယ့် စခန်းကို ဝင်ရောက်စီးနင်းနိုင်မှုမရှိဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒီနေ့ နေ့လယ် ၂ နာရီခန့်အထိ KNPP နဲ့ PDF အဖွဲ့တွေ မြို့ထဲမှာရှိတဲ့ ထွေအုပ်ရုံးအတွင်းမှာ တပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဒသမ ၈ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။