စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မတ်လ ၁၂ ရက် မနေ့က တမူးမြို့မရဲစခန်းက တာဝန်ကျ ရဲတပ်သားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ တမူးမြို့ ဒေသခံတွေက ပြောပါတယ်။
မြို့မ ၁၃ ရပ်ကွက်က ချောင်းဘေးမှာ မနက် ကိုးနာရီခွဲလောက်က ရဲတပ်သား ဦးမျိုးမြင့်ဆွေ နဲ့အတူ ပွဲစား တစ်ဦးတို့ အတူရှိနေစဉ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ ခံရတာလို့ တမူးမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အပစ်ခံရတာက နှစ်ယောက် ပစ်ခံရတာ၊ ရဲကတော့ တစ်ခါတည်း သေသွားတယ်၊ နောက်တစ်ယောက်ကတော့ ပွဲစားလို့ပြောတယ်၊ သူကတော့ ဒဏ်ရာရသွားတာ မသေဘူး"
ဒီပစ်ခတ်မှုကိုတော့ တမူးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လုပ်ထားတဲ့ ရဲဝန်ထမ်းတွေနဲ့ ဖွဲစည်းထားတဲ့ Fighter Police Tamu CDM အဖွဲ့က ပစ်သတ်ခဲ့တာလို့ မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာတော့ Fz ဆိုင်ကယ်တစ်စီးအပြင်၊ ဓားတစ်ချောင်းလည်း သိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။
တမူးမြို့မှာ ဒီလို ရဲတပ်သားတစ်ဦး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန် ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
တမူးမြို့က စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှု မှာ ပူးပေါင်းပါဝင်ကြဖို့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။
တမူးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယာဥ်တန်းဟာ ရန်လင်းဖိုင်နဲ့ ဝိတုတ်ရွာ အနီးမှာ မိုင်းခွဲတိုက်ခိုက်ခံရလို့ ရဲဝန်ထမ်း ငါးဦး သေဆုံးခဲ့သလို ဇန်နဝါရီ ၁၀ ရက်ကလည်း တမူး-ကလေး လမ်းမကြီးဘေးက အုတ်ဖို ကန်ဘောင် အကျဥ်းစခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ထောင်မှူးအပါအဝင် အကျဥ်းဝန်ထမ်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ထားပါတယ်။