နေပြည်တော်က စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီးတစ်ယောက် အသတ်ခံရ

2021-09-11
Share
နေပြည်တော်က စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသမီးတစ်ယောက် အသတ်ခံရ နေပြည်တော် တစ်နေရာကို မြင်တွေ့ရစဉ်
Photo: RFA

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းရွာက စစ်ကောင်စီကို သတင်း ပေးနေတယ်လို့ စွပ်စွဲခံရသူ ဒေါ်ခင်မာဌေးဟာ စက်တင်ဘာ ၁၀ ရက် မနေ့ည ၇ နာရီခွဲခန့်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ဒေါ်ခင်မာဌေးဟာ မနေ့ညက သူ့နေအိမ်မှာ ရှိနေစဉ် သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"သူက ရပ်ကွက်ထဲမှာ အတိုးကြီးပေးပြီး ငွေတိုးချေးစားတဲ့သူတစ်ယောက်ပဲ။ သူပိုက်ဆံတောင်းရတာ ခက်ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး တောင်းတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ရပ်ကွက်ထဲက သတင်းတွေ ပြန်ပေးတယ်။ သူအကြွေးသွားတောင်းတဲ့ နေရာတိုင်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ခေါ်သွားပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ သူက စစ်ကောင်စီသတင်ပေး ဒလန်ဖြစ်နေတာ ကြာပြီ။ ရွာကလူငယ်တွေကို အပြင်ထွက်ရင် သူ့ကိုပြောရတာတို့၊ ညအိပ်ညနေဆိုရင် သူ့ဆီမှာ ပြောရတာတို့ ရှိတယ်။ သူ့ကြောင့်လူငယ်အချို့ ဖမ်းခံရတာတွေလည်း ရှိခဲ့တယ်။ အဲဒါကြောင့် ရှင်းလိုက်တာ"

ဗိဿနိုး PDF အဖွဲ့တွေဟာ ဒေါ်ခင်မာဌေး နေအိမ်ကို အကြွေးလာဆပ်တဲ့ပုံစံနဲ့ အယောင်ဆောင်ပြီး သူ့ရင်ဘတ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ နေရာမှာပင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေက သူ့ကိုစစ်တပ်သတင်းပေးလို့ စွပ်စွဲကြပေမယ့် RFA ကတော့ သီးခြား အတည်မပြုနိုင် သေးပါဘူး။

ဗိဿနိုးနယ်မြေကာကွယ်ရေး တပ်မတော်က စစ်ကောင်စီရဲ့လက်ပါးစေ၊ သတင်းပေးတွေနဲ့ ပြည်သူလူထုနဲ့ အတူ ရပ်တည်မှုမရှိဘဲ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေတဲ့ စစ်တပ်၊ ရဲဝန်ထမ်းတွေ၊ စစ်ကောင်စီရဲ့ လက်ပါးစေတွေရဲ့ မိသားစုဝင်တွေနဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့