အွန်လိုင်းဒုစရိုက် ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းလို့ ထိုင်းကို တရုတ် ကျေးဇူးတင်
2025.02.06

တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း ကျားဖြန့်ဒုစရိုက်ဂိုဏ်းတွေကို ထိုင်းနိုင်ငံက ပြင်းပြင်းထန်ထန် အရေးယူတဲ့အတွက် ထိုင်းဝန်ကြီးချုပ် ပေထုံထန်ရှင်နာဝပ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ကျေးဇူးတင်ကြောင်း AFP သတင်းက ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ ဒုစရိုက်လုပ်ငန်းလုပ်ကိုင်တဲ့ ခြံဝင်းကြီးတွေ မှိုလိုပေါက်နေပါတယ်။ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို သူ့နိုင်ငံက လူတွေကို အဓမ္မလိမ်လည်ခိုင်းနေတာပါ။
ထိုင်းဝန်ကြီးချုပ်ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်သမ္မတနဲ့ တွေ့ဆုံချိန်မှာ အွန်လိုင်းလောင်းကစားနဲ့ ဖုန်းနဲ့ အွန်လိုင်းကတစ်ဆင့် လိမ်လည်တဲ့ လုပ်ငန်းကို တိုက်ဖျက်ကြဖို့ ထိုင်းက ပြင်းပြင်းထန်ထန် စီစဉ်တာကို တရုတ်နိုင်ငံက ကျေးဇူးတင်ရှိပါကြောင်း တရုတ် သမ္မတက ပြောကြားတာပါ။
လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ လုံခြုံရေး၊ ဥပဒေအရ တင်းကျပ်ရေးနဲ့ တရားရေးကိစ္စရပ်တွေမှာ ထိုင်းနဲ့ တရုတ်နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမယ်လို့လည်း တရုတ်သမ္မတက ပြောပါတယ်။
ကျားဖြန့် ဂိုဏ်းတွေကနေ တရုတ်လူမျိုးတွေ အတော်များများကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ Covid-19 ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရတဲ့ ထိုင်းခရီးသွားကဏ္ဍအတွက် တရုတ်က အရေးကြီးတဲ့ ဈေးကွက်လည်းဖြစ်ပါတယ်။
တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံတဲ့နေ့မှာ မြန်မာနိုင်ငံက အွန်လိုင်းဒုစရိုက်လုပ်ငန်းကနေ လူ ၆၁ ယောက် ကယ်ထုတ်နိုင်ပြီး အဲဒီထဲ တရုတ်လူမျိုး ၃၄ ယောက်လောက် ပါပါတယ်။ ကျန်သူတွေက အင်ဒိုနီးရှား၊ အီသီယိုပီးယားနဲ့ အာဖရိကနိုင်ငံတွေက ဖြစ်ပါတယ်။