ငွေလိမ်လုပ်ငန်းက နိုင်ငံခြားသား ၂၇၃ ဦးကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်
2025.02.17

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၂၇၃ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထပ်မံစစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ KK Park မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးတွေ့ရှိခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။
ဒါကြောင့် မြဝတီမြို့နယ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့အတွင်း နိုင်ငံခြားသား စုစုပေါင်း ၁၃၀၃ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့နိုင်ဖို့ တရုတ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီမြို့နယ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေတိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေတိုက်ဖျက်ရေး တရုတ်၊ ထိုင်းနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လျှိုကျုံးရီ ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြဝတီမြို့ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ လျှိုကျုံးရီဟာ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း တွေ့ဆုံခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က RFA ကို ပြောပါတယ်။