ဒဂုံမြို့သစ်က နေအိမ် ၂၀ ကျော်ဖယ်ရှားဖို့ ဖိအားပေးခံနေရ
2023.09.13

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၆၀ ရပ်ကွက်၊ ရွှေဆောင်းတော်လမ်းမှာရှိတဲ့ နေအိမ် ၂၇ လုံးကို တစ်လအတွင်း ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၉ ရက်နေ့က ဖိအားပေး ပြောဆိုလာတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ဘာကြောင့် ဖယ်ရှားခိုင်းတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိဘူးလို့ ဖယ်ရှားပေးဖို့ ဖိအားပေးခံထားရတဲ့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူး နောက်လိုက်နဲ့ ရပ်ကျေးအဖွဲ့ဝင်တွေက လာပြောသွားတာပါ။ ဒီမြေနေရာမှာ ပိုင်ရှင်ရှိလို့ စာချုပ်စာတမ်း အထောက်အထားပြရင် ဖယ်ပေးမှာပါ။ အဲဒီလိုမဟုတ်ဘဲ လာမယ့်သီတင်းကျွတ်မတိုင်ခင် အပြီးပြောင်းရမယ်။ ပြောင်းရွှေ့စရိတ် သုံးသိန်းပေးမယ်၊ လက်မှတ်ထိုးဆိုပြီး အတင်းဖိအားပေးခံရပါတယ်"
သတ်မှတ်ကာလအတွင်းမှာ အချိန်မီ မဖယ်ရှားရင် စက်ယန္တရားတွေနဲ့ အင်အားသုံး ဖယ်ရှားသွားမယ့်အကြောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖယ်ရှားဖို့ ဖိအားပေးခံထားရသူတွေဟာ ၆၀ ရပ်ကွက်အတွင်းမှာ အချိန် ၁၁ နှစ်ကြာ နေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျုးကျော်နေထိုင်သူတွေအတွက် ထုတ်ပေးထားတဲ့ အိမ်ထောင်စုသက်သေခံကတ် (Smart Card) ရရှိထားကြသူတွေပါ။
အများစုဟာ လက်လုပ်လက်စားတွေ ဖြစ်တာကြောင့် နေအိမ်တွေကနေ ဖယ်ရှားပေးရမယ် ဆိုရင် စားဝတ်နေရေးတွေ အခက်အခဲတွေ ရှိလာနိုင်တာကြောင့် ဖယ်ရှားပေးဖို့ အဆင်မပြေဘူးလို့ ဖယ်ရှားပေးဖို့ ဖိအားပေး ခံထားရသူတွေက ပြောပါတယ်။
ဒဂုံမြို့သစ်က နေအိမ် ၂၇ လုံးကို ဖယ်ရှားခိုင်းတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
RFA က ရရှိထားတဲ့အချက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်နှစ်နှစ်ခွဲကျော် အတွင်း နိုင်ငံတစ်ဝန်းမှာ ကျူးကျော်အဖြစ် စွပ်စွဲခံရတဲ့ အဆောက်အအုံပေါင်း တစ်သောင်းခြောက်ထောင်ကျော် ဖယ်ရှားခံထားရပါတယ်။