ဧပြီတစ်လတည်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ပေါင်း ၃၅ဝဝ ကျော်ရှိ

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့က မီးလောင်ကျွမ်းနေသည့် မကွေးတိုင်း ပေါက်မြို့နယ် ပုတီးရွာက နေအိမ်များကို တွေ့ရစဉ်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ဝ ရက်နေ့က မီးလောင်ကျွမ်းနေသည့် မကွေးတိုင်း ပေါက်မြို့နယ် ပုတီးရွာက နေအိမ်များကို တွေ့ရစဉ်။ (Photo: Citizen Journalsit)

ပြီးခဲ့တဲ့ ဧပြီလအတွင်း နိုင်ငံအနှံ့မှာ အိမ်ပေါင်း ၃၅၁၄ လုံးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲဖြစ်ရပ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က မနေ့က မေလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း တစ်တိုင်းတည်းမှာတင် အိမ် ၂၅၁၂ လုံး မီးရှို့ခံခဲ့ရပါတယ်။ အဲဒီထဲမှာ ခင်ဦးမြို့နယ်က အများဆုံးဖြစ်ပြီး ၅၂၉ လုံးမီးလောင်ကျွမ်းခဲ့ပါတယ်။ မကွေးတိုင်းမှာတော့ အိမ်ပေါင်း ၉၅၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပေါက်မြို့နယ်မှာ ၇၄၈ လုံး မီးရှို့ခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တစ်နှစ်နဲ့သုံးလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရ တဲ့ အိမ်အရေအတွက်က တစ်နိုင်ငံလုံးမှာ တစ်သောင်းတစ်ထောင့်လေးရာကျော် ရှိခဲ့ပြီလို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းက ၂၆ မြို့နယ်မှာ ၇၅ဝဝ ကျော်၊ မကွေးတိုင်းမှာ ၂၁ဝဝ ကျော်၊ ချင်းပြည်နယ်မှာ ၁၁၀၀ ကျော် ဖြစ်ပါတယ်။ ပုလဲမြို့နယ်ဟာ အိမ်မီးရှို့ခံရတဲ့ရွာ အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း ၂၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။

ဒီစာရင်းတွေဟာ ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေရဲ့ စာရင်းတွေကို အခြေခံထားတာဖြစ်ပြီး၊ အမှန်တကယ် အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ စစ်ကောင်စီတပ်တွေ မဟုတ်ဘဲ PDF အဖွဲ့တွေသာ ဖြစ်တယ်လို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။