ပုလောမြို့ ပြည်သူ့အခြေပြု စာသင်ကျောင်းမှာ ကျောင်းသား ၅၀၀ နီးပါး အပ်နှံထား

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ထားတဲ့ ကျောင်းဆရာ/ ဆရာမတွေက သင်ကြားပေးမယ့် ပြည်သူ့အခြေပြုစာသင်ကျောင်းမှာ ကျောင်းသား ၅၀၀ နီးပါး ကျောင်း အပ်လက်ခံထားနိုင်ခဲ့တယ်လို့ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

မေလ ၂၉ ရက် မနေ့ကအထိစာရင်းဖြစ်ပြီး လက်ရှိလည်း ကျောင်းအပ်နှံဖို့ ဆက်သွယ်နေတာတွေ ရှိတယ်လို့ ပုလောပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတစ်ဦး က RFA ကို ပြောပါတယ်။

" အခုလောလောဆယ် မူ၊ လယ်၊ ထက် ပေါင်း ၅၀၀ နီးပါး လက်ခံရရှိပါပြီခင်ဗျ။ ဒါက on ground ပါဗျ သတ်မှတ်ချက်တော့မရှိပါဘူး စစ်ကျွန် ပညာရေးမှာ မတက်ချင်တဲ့ ကလေးတွေကို သင်ယူခွင့် ဆုံးရှုံးမှာ စိုးလို့ အရည်အချင်းရော အတန်းပညာပါရမယ့် သင်ယူမှုအခွင့်အလမ်းကို ကျနော်တို့ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဖန်တီးပေးထားပါတယ်ဗျ "

ကြားကာလ ပညာရေးအစီအစဉ်အဖြစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားတွေ အနေနဲ့ မေလ ၂၇ ရက်ကနေ ၂၈ ရက်နေ့အထိ မနက် ၉ နာရီကနေ ၄ နာရီအတွင်း ကျောင်းအပ်နှံကြဖို့ ကြေညာထားပါတယ်။

ပုလောမြို့ပေါ်နဲ့ နယ်မြို့တွေက ကလေးတွေအတွက် online ကနေရော offline မြေပြင်သင်ကြားရေးအနေနဲ့ရော သင်ကြားပေးမယ့် အစီအစဉ်တွရှိတယ်လို့ ပြောပါတယ်။

အွန်လိုင်းကနေ Grade 11 (စနစ်ဟောင်း) သင်ကြားရေးကို တနင်္သာရီတိုင်းအတွင်းက မြို့နယ်လေးခုမှာ ပူးပေါင်းလုပ်ဆောင်နေပြီး မြေပြင်သင်ကြားရေးကိုတော့ ဒုက္ခသည် စခန်းတွေမှာ မူလတန်းကနေ အဌမ တန်းအထိ သင်ကြားနေတယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ပုလောပညာရေး ဘုတ်အဖွဲ့ရဲ့ လေးလတာ ကြားကာလ ပညာရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်း မြိုင်၊ ရေစကြို၊ ပေါက်နဲ့ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာပေါင်း ၇၀ လောက်မှာလည်း ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဦးစီးပြီး စစ်ဘေးဒုက္ခသည် ကလေးငယ်တွေအတွက် ကြားကာလစာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။