ပလိပ်စက်ရုံ အလုပ်သမား ၂ဝဝ ခန့် ဆန္ဒပြ

2018-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပလိပ်မြို့က ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံ အလုပ်သမားတွေ ၂၀၁၈ ဇူလိုင်လ ၂၉ ရက်နေ့က ဆန္ဒပြစဉ်
ပလိပ်မြို့က ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံ အလုပ်သမားတွေ ၂၀၁၈ ဇူလိုင်လ ၂၉ ရက်နေ့က ဆန္ဒပြစဉ်
Photo: Khaymani Win/RFA

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့က ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ဒီလကုန်နောက်ဆုံးထားချုပ်ဆိုဖို့နဲ့ သတ်မှတ်ရက်အတွင်း စာချုပ်ချုပ်ဆိုခြင်း မရှိတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်မယ်ဆိုတဲ့ အလုပ်ရှင်ဘက်က ကြေညာချက်ကို အလုပ်သမား ၂၀၀ ခန့်က ဒီနေ့ ကန့်ကွက်ဆန္ဒပြပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ဟာ အလုပ်သမားတွေကို အကာအကွယ်မပေးနိုင်တာကြောင့် ချုပ်ဆိုဖို့ကို ငြင်းဆန်တာလို့ အခြေခံအလုပ်သမားအဖွဲ့အစည်း(၁)ရဲ့ အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်း က ပြော ပါတယ်။

"အလုပ်သမားတွေက အီးစီစာချုပ် အရင်တုန်းကလည်း ချုပ်ခဲ့ဖူးတယ်၊ အီးစီစာချုပ်ချုပ်ခဲ့တာမှ ဒေါ်ဝင်းမော်ထွန်း တို့ ဦးမျိုးအောင်တို့ အလုပ်သမားက ပြည်ထောင်စုအဆင့်ရှိတဲ့ ဝန်ကြီးတွေ လာချုပ်ပေးတယ် အီးစီစာချုပ် ကိုတောင်ပဲ၊ အလုပ်ရှင်က ချိုးဖောက်တယ်၊ ချိုးဖောက်လို့ အလုပ်သမားဝန်ကြီးဌာနက တရားစွဲတယ်၊ တရားစွဲတဲ့အမှုမှာလည်းပဲ ပြစ်ဒဏ်မရှိဘူး၊ ပြီးကျတော့ အလုပ်သမားဝန်ကြီးဌာနမှာ ပြန်လည်ပြီးတော့ ပလပ်ပေးလိုက်တယ်၊ ပြောချင်တာက အီးစီစာချုပ်သည်း အလုပ်သမားအတွက် အပြည့်အဝကာကွယ်ပေးတယ် ဆိုရင် အလုပ်သမားက ချုပ်ချင်တာပေါ့၊ အဲဒီတော့ အီးစီစာချုပ်ချုပ်တိုင်းလည်းပဲ အလုပ်သမားအခွင့်အရေးကို အပြည့်အဝ အကာအကွယ်မပေးခဲ့ဘူး၊ ပလိပ်စက်ရုံစက်ရုံမှာ အကာအကွယ်မပေးခဲ့ဘူး၊ အီးစီစာချုပ်ကို ငြင်းဆန်နေတာ မဟုတ်ဘူး၊ အလုပ်သမား အခွင့်အရေးကို ယုတ်လျော့အောင်လုပ်နေတဲ့အတွက် ငြင်းဆန်တာ"

အလုပ်ကနေထုတ်ပယ်ထားတဲ့ ဝန်ထမ်းတွေကို ပြန်လည်ခန့်ထားဖို့၊ ဥပဒေမဲ့လုပ်ရပ်တွေ  အမြန်ဆုံးရပ်တန့်ပေးဖို့၊ ဥပဒေချိုးဖောက်နေတဲ့ အလုပ်ရှင်ကို အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့၊ လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်းခွင် အာမခံချက်ရရှိဖို့ ဆိုတဲ့အချက်တွေကိုလည်း ဆန္ဒပြအလုပ်သမားတွေ က တောင်းဆိုကြပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဟာ ဥပဒေနဲ့မညီဘူးလို့ ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံက အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေ က ပြောပါတယ်။

"ဒီအထဲမှာကတော့ ကျမတို့ ၆ ချက်ကို ပြန်ကြည့်မယ်ဆိုရင်တော့ တော်တော်ပေါ့နော် ဘယ်လိုပြောမလဲ ဒါ ဦပဒေနဲ့မညီညွတ်ပဲနဲ့ကို တောင်းဆိုထားတယ်လို့ ကျမတို့က ဒီလိုပဲ ယူဆပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားဆိုတဲ့ဥစ္စာ စည်းကမ်းနဲ့မညီညွတ်တဲ့ အလုပ်သမားတွေပါ၊ အလုပ်ထုတ်တယ် ဆိုတာကလည်း လွယ်လင့်တကူနဲ့ ထုတ်ခြင်းမဟုတ်ပါဘူး၊ အကြိမ်ကြိမ်သတိပေးပြီးတော့မှ စည်းကမ်း ချိုးဖောက်နေတဲ့ အလုပ်သမားတွေကို နောက်အလုပ်သမားကောင်းတွေက နားလည်မှုလွဲပြီးတော့မှ အလိုက် မှားမှာ စိုးတဲ့အတွက်ကြောင့်မို့ ကျမတို့ စံပြပြုလုပ်ရခြင်းဖြစ်ပါတယ်"

ပန်ဒါချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်ရှိပြီး ၆၀၀ ခန့်ကတော့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံကို အရင် စက်မှုဝန်ကြီးဌာနက ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ပန်ဒါကုမ္ပဏီထံ ငှားရမ်းခဲ့ရာ ဝန်ကြီးဌာနလက်ထက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း ပန်ဒါကုမ္ပဏီထံ လွဲှပြောင်းပေးခဲ့ တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့