ကိုဗစ်ကူးစက်မှုများလာလို့ ပန်ဆန်းမြို့ကို ၁၄ ရက် အသွားအလာကန့်သတ်

2022.03.24
ကိုဗစ်ကူးစက်မှုများလာလို့ ပန်ဆန်းမြို့ကို ၁၄ ရက် အသွားအလာကန့်သတ်
Photo: RFA

UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်း (ပန်ခမ်း) မြို့မှာ ကိုဗစ်ရောဂါ ပိုးတွေ့လူနာတွေ များလာလို့ မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ နေအိမ်အပြင်ထွက်ခွင့် ကန့်သတ်မယ်လို့ ပန်ဆန်း (ပန်ခမ်း) မြို့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကော်မတီက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တစ်မြို့လုံးမှာ ရှိတဲ့သူတွေကိုလည်း မတ်လ ၂၆ ရက်နဲ့ ၂၈ ရက်မှာ ပထမအကြိမ် နှာခေါင်းနဲ့ အာခေါင်တို့ပတ် စစ်ဆေးမှာဖြစ်ပြီး ဒုတိယအကြိမ် စစ်ဆေးမယ့်ရက်ကိုတော့ ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

မြို့လူထုအနေနဲ့ စားသောက်ကုန်တွေ ကြိုတင်ဝယ်ယူထားဖို့ အသိပေးထားသလို ကုန်ဈေးနှုန်း ထိန်းချုပ်နိုင်ရေး အတွက် ပြင်ပကနေ ဝင်လာတဲ့ ကုန်ကားတွေ အဆင်ပြေစေဖို့ ပန်ဆန်း (ပန်ခမ်း) မြို့ အဝင်အထွက် ဂိတ်တွေကိုတော့ ဖွင့်ထားပေးမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေကို ပြည်သူနဲ့ တာဝန်ရှိသူတွေအားလုံး သေချာလိုက်ဖို့နဲ့ လိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်မကနေ ‘ဝ’ ဒေသကို အလုပ်လုပ်ဖို့ တရားမဝင်လမ်းကနေ လာတဲ့သူတွေကတစ်ဆင့် ရောဂါတွေ့ရှိမှု ပိုများလာနေတာကြောင့် စည်းကမ်းတင်းကျပ်ထားတယ်လို့ လားရှိုးမြို့ ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

ပန်ဆန်း (ပန်ခမ်း) မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၇ ရက်နေ့တုန်းကလည်း ကျန်နန်းဖျော်ဖြေရေးရုံမှာ ကိုဗစ်ပိုးရှိသူ နှစ်ဦး တွေ့ ရှိခဲ့တာကြောင့် တစ်မြို့လုံးကို အခုလိုပဲ သွားလာမှုကန့်သတ်ပြီး ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။