ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.05.07
ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ ပေါက်မြို့နယ်ကို ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့တွင် စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံအချို့အား တွေ့ရစဉ်။
Citizen Journalist

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက သီးခြောက်နဲ့ ဇီးတောရွာတွေကို မေလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် နှစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပေါက်မြို့ခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ရွာစလုံးက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၄ ရက်နေ့က Mi-35 နဲ့ ခြောက်ကြိမ်၊ ၅ ရက်နေ့မှာ Y-12 ထောက်ပို့လေယာဉ်နဲ့ ခြောက်ကြိမ်လာပစ်သွားတာပါ။ နှစ်ရွာပေါင်းကတော့ တစ်ထောင်ကျော်လောက် ရှိတာပေါ့။ အကုန်လုံးက လေယာဉ်တွေလာတော့ ပြေးမိပြေးရာ ပြေးကြတာပဲ။ အခုထိလည်း မပြန်ရဲကြသေးဘူး။ တောင်ယာတွေနဲ့ ထီးလင်းနယ်ထဲကို ပြေးပုန်းကြတာ များပါတယ်"

ဗုံးကြဲမှုကြောင့် သီးခြောက်ရွာအတွင်းက စာသင်ကျောင်းနဲ့ ဇီးတောရွာက သာသနိကအဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး နှစ်ရွာပေါင်း နေအိမ်နှစ်ဆယ်ကျော်လည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကိုထောက်ခံနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပေါက်မြို့နယ်အတွင်းက PDF တွေ အခြေချ နေထိုင်နေတဲ့စခန်းတွေကို လေကြောင်းနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မေလ ၆ ရက်နေ့မှာ ရေးသားထားပါတယ်။

ဒေသခံတွေကတော့ လေကြောင်းကနေ ဗုံးကြဲခံရတဲ့ အဲဒီရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အခြေချ နေထိုင်နေတာမျိုးမရှိဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဧပြီလ ၅ ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေကြောင့် လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။