ပေါက်မြို့နယ်မှာ ဒေသခံခြောက်ဦး ဖမ်းဆီးခံရပြီး နှစ်ဦး အသတ်ခံရ

RFA Burmese
2023.10.25
ပေါက်မြို့နယ်မှာ ဒေသခံခြောက်ဦး ဖမ်းဆီးခံရပြီး နှစ်ဦး အသတ်ခံရ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ပေါက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ရွာတွေနဲ့ ရေနံမှော်တွေကို စစ်ကြောင်းထိုး နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို ပစ်သတ်ခဲ့ တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်တဲ့ ပေါက်မြို့နယ်၊ ရေခါးရွာက ဦးကျောက်ရွှေနဲ့ မန်ကျည်းဂုဏ်ရွာက ဦးသန်းငွေတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ခြောက်ဦးစလုံးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နှစ်ဦးကိုတော့ သူတို့နေထိုင်တဲ့ ရွာတွေအနီးမှာတင် ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က အိုင်းမရွာအနောက်ဘက်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ဒဏ်ရာရပြီးနောက် တောထဲမှာရှောင်တိမ်း နေတဲ့ ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး နှစ်ဦးကို သတ်ပစ်ခဲ့တာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်လင်္ကျာက ပြောပါတယ်။

"အဲဒီမှာ တောထဲတွေမှာရှိတဲ့ ပြည်သူခြောက်ဦးကို ဖမ်းခေါ်သွားတယ်၊ ဒီကောင်တွေ မိုင်းမိတာနဲ့ ရေခါးရွာက ဦးကျောက်ရွှေနဲ့ မန်ကျည်းဂုဏ်ရွာက ဦးသန်းငွေကို လူမဆန်စွာ ရက်ရက်စက်စက် ပစ်သတ်သွား ကြတယ်"

သတ်ဖြတ်ခံရသူနှစ်ဦးရဲ့ အလောင်းကို စစ်ကြောင်းနဲ့နီးကပ်နေလို့ မိသားစုဆွေမျိုးတွေ လာမသယ်နိုင်တာကြောင့် ကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၄ ရက်မနေ့က မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသွားသူခြောက်ဦးထဲက ကျန်တဲ့လေးဦးကိုတော့ စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်ဒီနေ့မှာလည်း ကျောက်တိုင်ခင်ရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကပစ္စည်းနဲ့ ရိက္ခာတွေကို မော်တော်ယာဉ်သုံးစီးနဲ့ သယ်နေကြသလို ဖလန်ကိုင်းရွာခံတွေကိုလည်း ရိုက်နှက်နှိပ်စက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အောက်တိုဘာလ ၁၆ ရက်နဲ့ ၁၈ ရက်ကလည်း ပေါက်မြို့နယ် ဝက်ပုတ်ရွာက အသက် ၆၀ ဝန်းကျင် လေဖြတ် ဝေဒနာသည် ဦးစံတင်နဲ့ ညောင်ရင်းရွာက စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၄ နှစ်အရွယ် ဦးလှဝင်းအောင် တို့ကို စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူပေါင်း ၄၁၅၅ ဦး ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။