ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဇွန်လ ၁၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားဆယ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ပေါက်တောမြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းရွာ ဘုန်းကြီးကျောင်းအနီး၊ မနော်သီရိရွာနဲ့ လက်ပံပြားရွာတွေကို စစ်ကောင်စီဘက်က Y12 လေယာဉ်နဲ့ လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင့် စစ်ကောင်စီဘက်က ဒရုန်းတွေ (၁၃) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးခြောက်ဦးနဲ့ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ပေါက်တောမြို၊ ရပ်ကွက် (၁) က အသက် ၃၇ နှစ်အရွယ် ဦးညီညီအောင်နဲ့ အသက် ၃၈ နှစ်အရွယ် ဦးနေဝင်းတို့ ဒဏ်ရာရခဲ့သလို သဝင်ချောင်းကျေးရွာ က ဒေါ်နှင်းချေ ၊ ဒေါ်အေးကျော့စိန် နဲ့ ဦးအောင်ကျော်စိုး၊ လက်ပံပြားကျေးရွာက မချေယဉ်သန်း၊ ဒေါ်နုအေး၊ ဒေါ်ဇနီးမယ်၊ ဒေါ်ဦးမေသန်းနဲ့ ဦးလှမောင်သန်းတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲအထဲက ဦးညီညီအောင်ဟာ အပြင်းစား ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
AA ထိန်းချုပ်တဲ့ မြို့ရွာတွေအပါအဝင် မောင်တော၊ သံတွဲ၊ အမ်း အစရှိတဲ့ နေရာတွေက ရပ်ရွာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီက ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဇွန်လ ၄ ရက်ကလည်း သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို လက်နက်ကြီးရော လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။