ပေါင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်းလေးကျေးရွာအုပ်ချုပ်ရေးမှူး ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းရဲ့ နေအိမ်ထဲကို အမည်မသိရသေးတဲ့ လူငယ်နှစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဦးချစ်ဝင်းဟာ သေနတ်ဒဏ်ရာသုံးချက်နဲ့ နေရာမှာတင် သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ပေါင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပစ်ခတ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်။ မျက်နှာအဝတ်အမည်းစည်းထားတဲ့ လူနှစ်ဦးက လာပစ်သွားတာလို့ သိထားပါတယ်။ အုပ်ချုပ်ရေးမှူးရဲ့ ဖုန်းနှစ်လုံးနဲ့ ပိုက်ဆံအိတ်လည်း ယူသွားကြတယ်"

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ မွန်ပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးနောက်ပိုင်း ထန်းပင်ချောင်းလေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး လေးလအတွင်း နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ၈၃ ဦးအထိ သတ်ဖြတ်ခံထားရပါတယ်။