ပေါင်းတည်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်ခံရ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ လဲပင်ကျေးရွာအထက် ပဲခူးရိုးမ တောင်ခြေအနီးမှာ မတ်လ ၈ ရက် မနေ့က ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည် PDF တပ်ဖွဲ့က ပြောပါတယ်။

မနေ့က မနက် ကိုးနာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်ကို ပေါင်းတည် PDF တပ်ရင်း ၃၆၀၁ က မိုင်း ငါးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ပေါင်းတည် PDF ပြန်ကြားရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ဘက်က ရှစ်ယောက်က ထွက်ပြေးတယ်။ သေတာက နှစ်ယောက်၊ ဒဏ်ရာရတာက နှစ်ယောက် အတိအကျ မသိရသေးဘူး။ ရွာနဲ့လည်း ဝေးတာရယ်၊ ညဘက်ကြီး အလောင်းတွေ လာတင်သွားတော့ အတိအကျမသိရဘူး ဖြစ်နေတယ်။ လဲကျတဲ့သူတွေကတော့ အကုန်သေဖို့များတယ်"

ပေါင်းတည် PDF တပ်ဖွဲ့ကို သဲကုန်း PDF တပ်ဖွဲ့ကလည်း လာရောက်ကူညီတိုက်ခိုက်ခဲ့ပြီး ထိခိုက်သူတွေမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အခု တိုက်ပွဲဖြစ်တဲ့နေရာက ပေါင်းတည်မြို့နဲ့ မိုင် ၄၀ ခန့်ဝေးပြီး သိမ်ကုန်းရွာမှာ စစ်ကောင်စီ တပ်ဖွဲ့တွေ မကြာခဏ ဝင်ရောက်တပ်စွဲကာ ပဲခူးရိုးမတောင်ခြေအနီးက ပတ်ဝန်းကျင်ရွာတွေကို နယ်မြေစိုးမိုးဖို့ ကင်းလှည့်နေတာတွေ ရှိတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ပေါင်းတည် PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ သိမ်ကုန်းရွာနဲ့ ငရှဉ့်ကွင်း ရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ ပေါင်းတည် PDF ဘက်က ထုတ်ပြန်ထားပါတယ်။