ပုလဲမြို့နယ် တုန်ကန်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF ပူးပေါင်းအဖွဲ့ ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တုန်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေနဲ့ ပျုစောထီးတွေကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး မတ်လ ၁၂ ရက် မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် သေဆုံးမှုရှိခဲ့တယ်လို့ ရွှေဓါးဗိုလ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁၂ ရက် မနေ့က အဲဒီတိုက်ပွဲဟာ မိနစ် ၄၀ ကြာဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအင်အား ၁၀၀ လောက်ကို ရွှေဓါးဗိုလ် ပြည်သူ့ကာကွယ်ရေး၊ Pale People’s Defence Force၊ ပုလဲမြေပြန့်ဒေသ ကာကွယ်ရေးအင်အားစု၊ Pale People’s Defence Force – Headquarters၊ ပ.က.ဖ ၊ပုံတောင် တိုက်ဂါး၊ Pale Jokers အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း သေဆုံးမှုရှိခဲ့သလို ကာကွယ်ရေး တပ်ဖွဲ့ဘက်က သုံးယောက် သေဆုံးပြီး လေးယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ရွှေဓါးဗိုလ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပုလဲမြို့နယ်ဟာ စစ်ကောင်စီကို အပြင်းအထန် ခုခံနေတဲ့ဒေသဖြစ်လို့ အင်တာနက် ဖြတ်တောက်ခံထားရတာ ခြောက်လခန့် ကြာမြင့်နေပြီဖြစ်သလို ဒီရက်ပိုင်းအတွင်း ကျေးရွာပေါင်း ငါးရွာလောက်က အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ဆုံးရှုံးခံထားရတဲ့ ဒေသဖြစ်ပါတယ်။