စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကံကြီးကုန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ ပူးပေါင်းပြီး မတ်လ ၉ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ ဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ MGN 35 တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကံကြီးကုန်းရွာဟာ ပျူစောထီးတွေ အားကောင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ မြောင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ (MRA) အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“ည ၁၂ နာရီကျော်လောက်မှာ သူတို့တပ်စွဲထားတဲ့ နေရာကို သွားတိုက်တာ၊ ၄ နာရီကျော် တိုက်ပွဲဖြစ်တယ်။ မနက်လင်းပိုင်းမှာ မုံရွာဘက်က တပ်ကူလာပြီး လက်နက်ကြီးတွေနဲ့ ပစ်လို့ နောက်ဆုတ်လာခဲ့တယ်၊ စစ်ကောင်စီက ရွာထဲမှာ နင်းမိုင်းတွေ ထောင်ထားလို့ ရဲဘော် သုံးယောက်၊ အမျိုးသမီးရဲဘော် တစ်ယောက် နင်းမိုင်းထိတယ်။ အခုတော့ ဆေးကုသမှု ခံယူနေတယ်။ အဲဒီရွာက ကျောင်းထိုင် ဘုန်းကြီး ကိုယ်တိုင် လက်နက်ကိုင်တိုက်တဲ့ရွာပါ"
ကံကြီးကုန်းရွာက ပျူစောထီးတွေဟာ အနီးပတ်ဝန်းကျင်က ရွာသားတွေကို ဖမ်းဆီးတာ၊ ပစ္စည်းတွေယူတာ၊ PDF တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေရှိလို့ ခုလို တိုက်ခိုက်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမရှိ ပါဘူး။
အဲဒီတိုက်ပွဲကို Myaung Revolution Army (MRA)၊ Zero၊ MGN 35၊ Chaung U Revolution Army (CRA)၊ Farmer Revolution Force ( FRF) နဲ့ Chaung U Defense Force ( CHU-LDF) ညီနောင်တော်လှန်ရေးအဖွဲ့တွေ စုပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် အဲဒီရွာထဲက နေအိမ်အချို့ ပျက်စီးခဲ့ပြီး စာရင်းအတိအကျတော့ မသိရသေးဘူးလို့ ဆိုပါ တယ်။
ထိခိုက်သေဆုံးမှု အခြေအနေတွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီကတော့ မနေ့က ကံကြီးကုန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်ရှိစဉ် PDF အင်အား ၅၀ ခန့်လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် လာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခဲ့ရတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ လက်လုပ်စိန်ပြောင်းကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ အရှေ့ဘက်ခြမ်းမှာရှိတဲ့ နေအိမ်အချို့ မီးလောင်ပျက်စီးသွားတယ်လို့လည်းပါရှိပါတယ်။ ဒါပေမဲ့ နှစ်ဖက်ထိခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်မှာ မပါရှိပါဘူး။
စစ်ကောင်စီတပ်သားတွေဟာက စစ်ကြောင်း နှစ်ခုခွဲပြီး ချောင်းဦး၊ မြင်းမူနဲ့ မြောင်မြို့နယ် အစပ်က ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က ကံကြီးကုန်းရွာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က CDM ကျောင်းဆရာတစ်ယောက် အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။