တနင်္သာရီတိုင်း ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးမှာ ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး (PDF)ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် သုံးဆယ်ကျော် သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မျောက်ချောရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက RFA ကိုပြောပါတယ်။
"အဓိကတော့ မနေ့က ဇွန်လ ၁၉ ရက်နေ့က ဖြစ်တာပေါ့၊ မနက် ခုနစ်နာရီကနေဖြစ်တာ ညနေ လေးနာရီလောက်မှ ပြီးတယ်။ တစ်နေ့လုံး တောက်လျှောက်တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးနဲ့ ပစ်တာတို့ အကြိမ် လေးဆယ် လောက်ရှိတယ်။ လေယာဉ်နဲ့လည်း လေးကြိမ်လောက်ပစ်တယ်။ ပူးပေါင်းမဟာမိတ်အဖွဲ့တွေဘက်က လေးဦး ထိခိုက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က သုံးဆယ်ကျော်လောက် ကျဆုံးရှိတယ်။ ဒဏ်ရာ အများအပြားရတယ်"
အခုချိန်ထိ စစ်ကောင်စီတပ် မျောက်ချောရွာထဲမှာရှိနေပြီး ရွာထဲကို လေကြောင်းကနေ ဗုံးကြဲတာနဲ့ စစ်ကောင်စီတပ်သားတွေ မီးရှို့တာကြောင့် အိမ်ခြေတစ်ရာကျော်ရှိတဲ့ မျောက်ချောရွာက နေအိမ် ၇ဝ နီးပါး မီးလောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ လေကြောင်းကနေပစ်တာကြောင့် မျောက်ချောရွာအနီး စစ်ကောင်စီစခန်းကနေ ပူးပေါင်းအဖွဲ့တွေ ဆုတ်ခွာပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲမှာ ဒေါနစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ AD ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင် ပူးပေါင်းတပ်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်က တပ်သားတွေထိခိုက်သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။