မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲအယောက် ၂ဝလောက်နဲ့ မတ်လ ၁၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပါတယ်။
ထီးလင်းမြို့နယ်အတွင်းမှာ ခိုးမှု၊ လိမ်လည်မှု စတဲ့အမှုအခင်းတွေ တိုင်ကြားတာများလာတဲ့အတွက် CDM ရဲ အယောက် ၂ဝ နဲ့တရားဝင် စတင်ဖွဲ့စည်းလိုက်တာလို့ ဒုရဲအုပ်အဖြစ် တာဝန်ယူထားသူ တစ်ဦးက ပြောပါတယ်။
“ကျနော်တို့က ပြည်သူ့ရဲတပ်ဖွဲ့ဆိုတော့ ပြည်သူတွေကို အရင်ကလိုမျိုး ခြောက်တဲ့စကားမရဘူး ကြမ်းတမ်းတဲ့ စကားသုံးလို့မရဘူး ပြည်သူပိုပြီးအားကိုးအောင် ပြည်သူ့ရဲ အနေနဲ့ပဲ အားလုံးပဲ လာဘ်ပေးလာဘ်ယူ လုံးဝမရှိပါဘူး ကင်းရှင်းရမယ် အဂတိလိုက်စားမှု လုံးဝလုံးဝလုံးဝ မရှိအောင်ပေါ့ ဒါမျိုးတွေလည်း ရှိတယ်ဗျ ကျန်တဲ့ကိစ္စတွေလည်း ဖော်ပြလို့မရတဲ့ ကိစ္စလေးတွေလည်း ရှိသေးတယ်ဗျ”
ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ မတ်လ ၁၁ ရက်နေ့က ယောဒေသကာကွယ်ရေး တပ်ဖွဲ့ (ထီးလင်း)က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားလာတာ ၃ လလောက်ရှိခဲ့ပြီး အခုမှဖွဲ့စည်းနိုင်တာ ဖြစ်တယ်လို့ ပြောပါတယ်။ တရားဝင်မဖွဲ့စည်းခင် အချိန်ကတည်းက အမှုကြီး ၉ မှုနဲ့ အသေးစားအမှုတွေကို ကိုင်တွယ် ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ ရဲအရေးပိုင်တဲ့ကိစ္စတွေကို လာရောက်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ ထီးလင်းပြည်သူ့ ရဲတပ်ဖွဲ့အပြင် ဇိုလန်ပြည်သူ့ရဲတပ်ဖွဲ့၊ ဆောမြို့နယ်မှာ ကြားကာလပြည်သူ့ရဲတပ်ဖွဲ့၊ ကရင်နီပြည်ရဲတပ်ဖွဲ့ ဆိုပြီး ဖွဲ့စည်းထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ၆ ထောင်ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က၂ဝ၂၁ ခုနှစ် က ထုတ်ပြန်ထားပါတယ်။