ပုပ္ပါး-တောင်သာလမ်းကို ညဘက် မသွားလာဖို့ PGF ထုတ်ပြန်

Popa Guerilla Force(PGF) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
Popa Guerilla Force(PGF) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Photo: PGF)

မန္တလေးတိုင်းအတွင်းက ပုပ္ပါး-တောင်သာလမ်းကို ပြည်သူတွေအနေနဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ Popa Guerilla Force(PGF) က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မှာ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ထုတ်ပြန်တာလို့ Popa Guerilla Force(PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။

"စစ်ကောင်စီက အဓိက ညဘက်တွေမှာ စစ်ရေးလှုပ်ရှားလာတာတွေရှိတယ်၊ ခရီးသည်တင်ကားတွေနဲ့ လိုက်လာတာတွေရှိတယ်၊ ညဘက်တွေမှာ ပေါ်တာဆွဲတာတွေရှိတယ်၊ အဲဒါကြောင့် ပြည်သူတွေက အပြင်မထွက်ရဲကြဘူး၊ ကျွန်တော်တို့က စစ်ရေးအရှိန်မြှင့်မှာကြောင့် ညဘက်မထွက်ဖို့ ထုတ်ပြန်တာဖြစ်တယ်"

ညဘက်မှာ ပြည်သူတွေမသွားလာရင် စစ်ရေးဖော်ဆောင်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာအောင် လုပ်နိုင်မယ်လို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။

ကျန်းမာရေးကိစ္စအပါအဝင် အရေးကြီးကိစ္စနဲ့ ညဘက်မှာ သွားလာဖို့လိုအပ်ရင် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သွားလာနိုင်တယ်လို့လည်း PGF က ပြောထားပါတယ်။

စစ်ရေးအရှိန်မြှင့်မှာကြောင့် တိုက်ပွဲတွေပြင်းထန်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ ထိခိုက်မှုတွေမဖြစ်ရအောင် မလိုအပ်ဘဲ ခရီးမသွားဖို့လည်း ရဲဘော်ဗျတ္တက ပြောပါတယ်။

ကျောက်ပန်းတောင်မြို့နယ်မှာ ပြည်သူတွေထံက ငွေကြေတောင်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PGF တပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ပုပ္ပါးတောင်မကြီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို PGF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။