ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးမှာ ကျောက်တွင်းလုပ်ငန်းလုပ်နေတဲ့ ရာဇဌာနေကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျတာကြောင့် လူဦးရေ ၄၀ လောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မြေစာပုံပိနေတာတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမယ့် နောက်ထပ်မြေကြီးတွေ အက်ကွဲနေတာကြောင့် ရှာဖွေရေးကို ဆက်မလုပ်ရဲဘဲ ရပ်ဆိုင်းထားရတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနော်လောက ပြောပါတယ်။
"မြေစာပုံက ထပ်ပြိုဖို့ အလားအလာရှိသေးတယ်လေ၊ အက်နေတယ်လေ၊ အောက်မှာ ဘတ်ဟိုးနဲ့နှိုက်ပြီဆိုရင် အပေါ်ကပြိုတော့မှာ အဲ့လိုဆိုတော့ ဘယ်လိုမှလုပ်လို့မရဘူး၊ အဲ့ဒါနဲ့ပြန်ခဲ့ကြတာ၊ လောလောဆယ် ကုမ္ပဏီက ဘတ်ဟိုးတစ်စီးနဲ့ စမ်းကြည့်တာပေါ့၊ ပြိုတဲ့နေရာကလည်း တော်တော်လေး ကျယ်တဲ့အခါကျတော့ အလောင်းက ဘယ်မှာရှိမှန်းမသိဘူးဖြစ်နေတယ်"
မနေ့ည ၁၀ နာရီ ခွဲလောက်မှာ မြေစာပုံပြိုကျတာဖြစ်ပြီး မြေစာပုံပိတဲ့အထဲ ပါသွားသူ ၃ ယောက်ရဲ့ အမည်စာရင်းကို သာ ရရှိထားတယ်လို့ သိရပါတယ်။
အဲဒီမြေစာပုံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း လူဦးရေ ရာချီသေဆုံးမှု ဖြစ်ခဲ့တဲ့ မြေစာပုံပြိုကျရာအနီးမှာ ဖြစ်တယ် လို့ သိရပါတယ်။
ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနော်လောကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။