မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့အိမ်စားသောက်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို အကြမ်းဖက်မှုဥပဒေနဲ့ ပြင်ဦးလွင်ခရိုင်တရားရုံးက ဇွန်လ ၉ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ် ထပ်ချလိုက်တာကြောင့် စုစုပေါင်း ၄၃ နှစ်ကျော်ရှိသွားပြီလို့ ပြင်ဦးလွင်ဒေသခံတွေက ပြောပါတယ်။
မပိုပြည့်သူဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၅ နှစ်အပြင် အရင်ကလည်း မတရားအသင်းဆက်သွယ်မှု၊ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်မှု စတဲ့အမှုတွေနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် ၂၈ နှစ်ကျော် ချမှတ်ခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီလ ၉ ရက်နေ့က ထောင် ၁၅ နှစ် ထပ်ချလိုက်တယ်၊ စစ်ကောင်စီလက်အောက်ခံ ပြင်ဦးလွင်ခရိုင် တရားရုံးကနေ ချလိုက်တာလို့ပြောပါတယ်။ အရင်က ၂၈ နှစ်နဲ့ ခြောက်လလောက် ကျခံထားရတာဆိုတော့ အခု ၁၅ နှစ်နဲ့ဆိုရင် သူ ကျခံထားရတာ ထောင်ဒဏ် ၄၃ နှစ်ကျော်သွားပြီ ပြောရမှာပေါ့၊ ထောင်ပြောင်းမယ်လို့လည်းကြားတယ်၊ ဘယ်ထောင်လဲတော့ သေချာမသိရသေးဘူး"
မပိုပြည့်သူဟာ လက်ရှိမန္တလေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး အစာအိမ်မကောင်းတာကြောင့် ဆေးတွေပို့ပေးနေရတယ်လို့ ဆိုပါတယ်။
ပရဟိတသမားနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ မပိုပြည့်သူဟာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်တပ်အာဏာသိမ်းပြီးမကြာခင် ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ မေမြို့အိမ်စားသောက်ဆိုင်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ နေ့အထိ ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၃၃၁၁ ဦးရှိပြီး အဲဒီအထဲက ၁၈၉၈၀ ဦး လက်ရှိအထိ ပြန်မလွတ်သေးသလို ၆၃၃၈ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။