ခွဲခြားဆက်ဆံမှုကဗျာ ကျောင်းသင်ခန်းစာက ဖယ်ရှားမည်


2019.02.20
poem-622 မူလတန်းသင်ရိုးညွန်းတမ်းပါ ဝံသာနုစိတ်ဓာတ်ကဗျာ။
Photo: RFA

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အရာရှိတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အငြင်းပွားနေတဲ့ မူလတန်းသင်ရိုးညွန်းတမ်းပါ  ဝံသာနုစိတ်ဓာတ်ကဗျာ ကို ဖယ်ရှားပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဲဒီ ကဗျာမှာ သွေးနှောတာ ငါတို့မုန်း လူမျိုးအညွန့်တုံး၊ သွေးနှောလျှင် လူမျိုး အညွန့်တုံးမည်၊ သွေးနှောတာကို ကျွန်ပ်တို့မုန်းတီးရပါသည် စတဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ စာသားတွေပါရှိတဲ့အတွက် ခေတ်ကာလနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး အရပ်ဘက်အဖွဲ့အစည်း ၁၆ဝ ကျော်နဲ့ တဦးချင်းပုဂ္ဂိုလ် ၁၂ ယောက်တို့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာတစောင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပေးပို့ခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာနက အခုလို ခေါ်ယူဆွေးနွေးခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနက သုတေသနနဲ့ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်း နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်လတ်ထွန်း တို့က ပညာရေးဝန်ကြီးဌာနတွင်း အဆင့်ဆင့် ပြုပြင်ပြောင်းလဲနေပေမယ့် အဲဒီသင်ခန်းစာကို သူတို့ သတိမထားမိခဲ့ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းတွေက ခုလို အပြုသဘောဆောင် တင်ပြတာကို ကြိုဆိုကြောင်း စသဖြင့် ပြောကြားခဲ့တယ်လို့ သွားရောက် ဆွေးနွေးသူတွေဖြစ်ကြတဲ့ ဒေါ်ကက်သလင်းသိန်းနဲ့ ဒေါ်ဇာခြည်ဦး တို့က RFA ကို ပြောကြားပါတယ်။  

အဲဒီ တွေ့ဆုံပွဲမှာ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းစကား အားပေးတဲ့ သင်ခန်းစာတွေ ကို ပယ်ဖျက်ပေးဖို့နဲ့ ငြိမ်းချမ်းရေး၊လူမှုသဟဇာတဖြစ်ရေးကို အားပေးတဲ့ သင်ခန်းစာတွေ ထည့်သွင်းပေးဖို့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေဘက်က တိုက်တွန်းခဲ့ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ  အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေ အခုထက်ပိုမို ပူးပေါင်းလုပ်ဆောင်နိုင်ဖို့လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။