ရဲကားတန်းတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရ


2019.08.20
ponnarkyun-622.jpg ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်ကို တွေ့ရစဉ်။
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အခြေစိုက် အမှတ် (၃၂) လုံခြုံရေးရဲတပ်ရင်းက ယာဉ်လေးစီးဟာ ကျောက်တော်ကနေ ပြန်လာရာမှာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်နားမှာ နှစ်ကြိမ် မိုင်းခွဲ တိုက်ခိုက်ခံရတဲ့အတွက် ဒုရဲမှူးတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်ငါးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပထမ တိုက်ခိုက်ခံရတဲ့နေရာနဲ့ တစ်မိုင်လောက်အကွာမှာ နောက်ထပ် တိုက်ခိုက်ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ခွဲပေါ့ဗျာ အဲဒီနားက ဖက်ခွက်ဆိပ်ရွာသစ်အနီး တောင်ခြေနားမှာ မိုင်းတစ်လုံးထိတယ်လို့ ပြောတယ်။ အဲဒီမှာ ကားတစ်စီးကတော့ ထိတယ်။ လူကတော့ ငါးယောက်လောက် ဒဏ်ရာရတယ်။ အဲဒီနေရာကနေ နောက်ထပ် သဲတော်ကျေးရွာနဲ့ ပြိုင်းတောကျေးရွာကြားမှာ မိုင်းထပ်ခွဲတယ်ဗျ။ ပထမခွဲတဲ့နေရာနဲ့ ဒုတိယခွဲတဲ့နေရာက တစ်မိုင်လောက် လှမ်းတယ်။ ဒဏ်ရာရသူ ငါးဦးကိုတော့ ပုဏ္ဏားကျွန်းဆေးရုံကို ယိုးတရုတ် လူနာတင်ကားရယ်၊ ကျောက်တော်က လူနာတင်ကားရယ် သွားပြီး ပို့ပေးကြပါတယ်

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး က တိုက်ခိုက်ခံရတဲ့ကားတချို့ ပျက်စီးသွားတယ်လို့ ပြောပါတယ်။

ရဲကားတော့ နည်းနည်း ပျက်စီးသွားတယ်။ ပြီးရင် ရဲတချို့လည်း ဒဏ်ရာရသွားတာရှိတယ်။ သုံးလေးငါးယောက်လောက် ဒဏ်ရာရသွားတာရှိတယ်။ ကျောက်တော်ကနေ စစ်တွေကိုသွားတဲ့ အုပ်ချုပ်ရေးယာဉ်တန်းပေါ့။ ရတဖ - ၃၂ စစ်တွေကို ပြန်တာ

ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တချို့ အသက်အန္တရာယ် စိုးရိမ်ရပေမယ့် သေဆုံးသူ ရှိ၊ မရှိကို သူ့အနေနဲ့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

RFA က သီးခြားလေ့လာစုံစမ်းချက်အရ ဒီနေ့မနက်က တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ် လိုက်ပါလာတဲ့ ကျောက်ဖြူမြို့ အမှတ် (၃၂) ရဲတပ်ရင်းက ဒုရဲမှူးတစ်ဦး မိုင်းစထိမှန်ပြီး သေဆုံးသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုခဲ့ပါတယ်။

အာအဲလိုဆိုရင် ရဲတပ်ရင်းမေးကြည့်မှသိမယ်နော် အင်း

ဒီနေ့မနက်က မိုင်းခွဲတိုက်ခိုက်မှုဟာ AA အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့သြဂုတ်လ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေကို သတိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ… တပ်မတော်နဲ့ ပူးတွဲစစ်ဆင်ရေးပြုလုပ်နေတာ၊ စစ်ဆင်ရေး သဏ္ဌာန် ချီတက်နေတာ၊ တပ်မတော်က စစ်ဆင်ရေးပြုလုပ်နေတဲ့ နယ်မြေတွေမှာ စစ်ဆင်ရေးကို အထောက်အပံ့ဖြစ်တဲ့ ပုံစံမျိုး ရှိနေတာတွေကို တွေ့ရှိရင် စစ်ရေးနည်းနဲ့ တုံ့ပြန်သွားမယ်လို့ ပါရှိပါတယ်။

AA အဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်စခန်း လေးခု၊ မတ်လ ၉ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း၊ ဧပြီလ ၉ ရက်နေ့မှာ မြောက်ဦးမြို့ ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း နယ်ခြားစောင့်စခန်း စတာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာလည်း ရဲတပ်ဖွဲ့ကားတွေ တိုက်ခိုက်ခံရတဲ့ တခြား ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်အားလုံးမှာ သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်ဦးရေ ၃ဝ ကျော် ရှိတယ်လို့ သိရပါတယ်။

(RFA သတင်းထောက်င်းသိန်းအောင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။