ပဲခူးတိုင်း ထန်းတပင်မြိုနယ် ဇရပ်ကြီးနယ်မြေရဲစခန်းအနောက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်မျိုးမြတ်မိုးဆိုတဲ့ ကလေးတစ်ဦးဟာ မေလ ၁၁ ရက် မနေ့ည ၉ နာရီ လောက်က ရဲစခန်းက လှမ်းပစ်လိုက်တဲ့ သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မောင်မျိုးမြတ်မိုးဟာ နေမကောင်းဖြစ်နေတဲ့ မိခင်အတွက် အိမ်အောက်ကို ဆန်ပြုတ်ဆင်း ယူချိန်မှာ သူ့ခေါင်းမှာ စွပ်ထားတဲ့ ဓာတ်မီးအလင်းရောင်က ရဲစခန်းအတွင်းထဲကို ရောက် သွားရာကနေ ရဲက သေနတ်နှစ်ချက် လှမ်းပစ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကလေးအမေက နေမကောင်းလို့ ဆန်ပြုတ်ဆင်းခပ်ခိုင်းတာ။ အဲ့တော့ အိမ်ပေါ်က ဆင်းသွားတဲ့အချိန်မှာ ဓာတ်မီးက ခေါင်းစွပ်ဓာတ်မီးဆိုတော့ မျက်နှာ ဟိုဘက်လှည့်၊ ဒီဘက်လှည့်ဆိုတော့ အဲဒါ အခန့်မသင့်တော့ သူတို့ဘက်ကို မီးရိုက်မိသွားမှာပေါ့။ အဲဒါနဲ့ပဲ စခန်းကလှမ်းပစ်တာ။ လှမ်းပစ်တော့ သေနတ်ထိမှန်ပြီး ကလေးက ဆုံး သွားတာ”
ဒီဖြစ်ရပ်အတွက် ရဲစခန်းက လျော်ကြေးငွေ ကျပ် ၁၅ သိန်းကို မိသားစုထံ ပေးအပ်ခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆိုထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ဒါကြီးကကျတော့ သူကလည်း သူအိမ်မှာနေတဲ့အလုပ်၊ အဲဒါကြီးကို လှမ်းပစ် လိုက်တယ် ဆိုတော့ အိမ်ထဲမှာနေတာတောင် ကျနော်တို့ ပြည်သူတွေမှာ မလုံခြုံ တော့ဘူးလားပေါ့။ အဲလိုမျိုးလှမ်းပစ်ပြီးတော့မှ လျော်ကြေးပေးရင် ပြီးသွားတာလား။ ဒါကြီးက လုံးဝမဖြစ်သင့်ဘူးလို့ထင်တာပဲ။ မတရားဘူးလို့ ထင်တာပဲ”
လက်ရှိမှာ အဲဒီအိမ်အနီးမှာ ရဲက လုံခြုံရေးကို တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေးရဲ့ ရုပ်အလောင်းကို မေလ ၁၃ ရက် မနက်ဖြန်မှာ ဇရပ်ကြီး သုသာန်မှာ သင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။