နိုင်ငံရေးဆွေးနွေးပွဲ မူချမှတ်ဖို့ လုပ်ငန်းကော်မတီ ဖွဲ့စည်း


2014.09.14
uaungmin-party-305.jpg ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သြဂုတ်လ ၁၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီက ကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ်
Photo: Kyaw Zaw Win, Wai Yan Moe Myint/RFA

နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ ထည့်သွင်းဆွေးနွေးသင့်တဲ့ မူဘောင်တွေရေးဆွဲဖို့ အတွက် နိုင်ငံရေးပါတီ ၅၆ ပါတီကအဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီတစ်ရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရန်ကုန်မြို့ Green Hill Hotel မှာကျင်းပတဲ့ နိုင်ငံရေး ပါတီ ၅၆ ပါတီရဲ့ နှစ်ရက်ကြာဆွေးနွေးပွဲက ဖွဲ့စည်း လိုက်တာဖြစ်တယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောပါတယ်။

"ကျနော်တို့ ၅၆ ပါတီအနေနဲ့ သဘောတူညီမှှု တစ်ခုအနေနဲ့ ကျနော်တို့ ၁၅ ဦး လုပ်ငန်း ကော်မတီတစ်ခု ဖွဲ့စည်းနိုင်ခဲ့ပါတယ်၊ အဲ့ဒါကတော့ ကျနော်တို့ ၁၅ ဦးကော်မတီနဲ့ ဖွဲ့ထားပါတယ်၊ ၁၅ ဦးကော်မတီကတော့ အခုလောလောလတ်လတ် ကျနော်တို့ဟာ ဒီအချိန်အခါ အင်မတန် အရေးကြီးတဲ့ကာလမှာ သူတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပြီးတာနဲ့ ကျနော်တို့ ၁၅ ဦးက လုပ်ငန်းကို ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ရမှာဖြစ်တယ်၊ ကျနော်တို့က ကြိုတင်ပြင်ဆင်ရမှာဖြစ်တယ်"

အခုဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေး ဆွဲရေး လုပ်ငန်းကော်မတီမှာ ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း NBF၊ ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ လုပ်ငန်းကော်မတီရဲ့ အဖွဲ့ဝင်ဦးရေကို တိုးချဲ့သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအားလုံး သဘောတူရေးဆွဲ တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ပေါ်ပေါက်ဖို့အတွက် ၂ ရက်ကြာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို မတက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ ၅၆ ပါတီက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာပါရှိပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ မတက်ရောက်ကြဘူးလို့ သိရပါတယ်။

ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။