ပိုစန်း ရေပိုက်လုံးစက်ရုံ အလုပ်သမားများ လစာတိုးမြှင့်ရေး ဆန္ဒပြ
2013.05.22
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်(၂)၊ ဦးချိန်လမ်းမှာရှိတဲ့ ပိုစန်း(PO-Seng) ရေပိုက်လုံးစက်ရုံက အလုပ်သမား ခေါင်းဆောင်တွေဟာ စက်ရုံတာဝန်ရှိသူတွေနဲ့ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လုပ်ခလစာကို တိုးမြှင့်သက်မှတ်ပေးဖို့ မနေ့က ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့တာကြောင့် ဒီကနေ့မှာ အလုပ်သမား ၁၀၀ လောက် စက်ရုံရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အဲဒီစက်ရုံမှာ လုပ်သက် ၁ နှစ်နဲ့အထက် အလုပ်သမားတွေကို အခြေခံလစာ နှစ်သောင်းကျော်ပေးပြီး၊ လုပ်သက် ၇ နှစ်အထက် အလုပ်သမားတွေကိုတော့ လေးသောင်းကျော်လောက် ပဲ ပေးတဲ့အတွက် ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုဇေဇေအောင်က RFA ကို ပြောပါတယ်။
အလုပ်သမားတွေဖက်က အခြေခံလုပ်ခလစာကို ပျမ်းမျှတစ်လကို ကျပ်ကိုးသောင်းအထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။
၂၀၀၇ ခုနှစ်ကလည်း အဲဒီစက်ရုံမှာ အခြေခံလုပ်ခလစာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်သမားညွှန်ကြားရေးမှူး ဦးယုလွင်အောင်က ညှိနှိုင်းပေးခဲ့တာကြောင်း အလုပ်သမားလစာကိစ္စ ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက စက်မှုဇုန်တွေမှာ အလုပ်သမားဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို တိုးပွားလာတာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့ တင်ပြချက်ကို နားဆင်နိုင်ကြပါတယ်။