ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူဖို့ သမ္မတ သဘောတူ
2015.02.12

၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒခံယူ ပွဲကို ဒီနှစ်အတွင်း ကျင်းပဖို့ သမ္မတ ဦးသိန်းစိန်က မနေ့က အတည်ပြုလိုက်ကြောင်း လွှတ်တော်အမတ်နှစ် ဦးကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် မေလဆန်းပိုင်းမှာ အခြေခံဥပဒေပြင် ဆင်ရေး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပဖို့ သမ္မတက အင်္ဂါနေ့ညနေပိုင်းက အတည်ပြုလိုက်တာလို့ ဆိုပါတယ်။
ဥပဒေအတည်ဖြစ်သွားပြီမို့၊ အခြေခံဥပဒေပြင် ဆင်ရေး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့အတွက် မေလ အတွင်း သင့်တော်မယ့်ရက်ကို ရွေးကောက်ပွဲကော် မရှင်အနေနဲ့ မကြာခင် ကြေညာလိမ့်မယ်လို့ မျှော် လင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အလားတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကလည်း အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ဆန္ဒခံယူပွဲကိစ္စအပေါ် သမ္မတက အတည်ပြုခဲ့တာ ဟုတ်မှန်ကြောင်း ရိုက်တာသတင်းကို ပြောဆိုတယ်လို့ သိရ ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အခြေခံဥပဒေပြင်ဆင်ရေး လူထုသဘောထား လက်မှတ်ပေါင်း ငါး သန်း ကောက်ခံပြီး၊ လွှတ်တော်ကိုတင်ပြထားပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေပါ ဘယ်အချက်တွေကို ပြင်ဆင်ဖို့ ဆန္ဒခံယူပွဲကျင်းပမှာလဲဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။
နိုင်ငံရေးလေ့လာသူတချို့ကတော့ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ ဒီနှစ်အတွင်း မဖြစ်နိုင်ဘူးလို့ မြင်ကြပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးသုတေသီ Richard Horsey က ဆန္ဒခံယူပွဲ ကျင်းပဖို့ ကုန်ကျစရိတ်နဲ့ တခြားလိုအပ် ချက်တွေ အများအပြားရှိတာကြောင့် လာမယ့်လတွေအတွင်း မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ အထွေထွေရွေးကောက်ပွဲနဲ့ တစ်ပြိုင်တည်း လုပ်ရင်တော့ဖြစ်နိုင်စရာရှိပါတယ်၊ ဒါတောင်မှ အခြေခံဥပဒေထဲက ဘယ်အပိုင်းတွေကို ပြင်ဆင် မှာလဲဆိုတာ မသိရသေးပါဘူး၊ ဒီအတွက် ဆုံးဖြတ်ဖို့လိုပါလိမ့်ဦးမယ်လို့ ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က အခြေခံဥပဒေ ပြင် ဆင်ရေးဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်တာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာနေထိုင်သူအားလုံးရဲ့ နိုင်ငံ ဒီမိုကရေစီဖြစ်စဉ်မှာ ပါဝင်ခွင့်အပေါ် လေးစားသမှုရှိတာကို ပြသတာလို့ယုံကြည်ပါတယ်၊ ပြုပြင်ပြောင်းလဲမှုတွေမှာ အားလုံးပါဝင်၊ ပွင့်လင်းမြင်သာပြီး ယုံကြည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ပြည်သူတွေ ကိုယ့်ခေါင်းဆောင် ကိုယ် ရွေးချယ်နိုင်၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့အတူ၊ အခြခံဥပဒေပြင်ဆင်ရေးမှာ စစ်တပ်ရဲ့ တစ်ချက်လွှတ်အာဏာကို ဖယ်ရှားရေးနဲ့ အရပ်ဘက်က စစ်ဘက်ကို ပိုပြီးထိန်းချုပ်လာနိုင်ရေးတွေ ပေါ်ပေါက် လာဖို့ မျှော်လင့်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။