မလေးရှားဝန်ကြီးချုပ် ပြောကြားချက်ကို ဦးဇော်ဌေး တုံ့ပြန်

ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီရာမိုဟာမက်ရဲ့ ပြောကြားချက်တွေဟာ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွတ်ဖက်ရေးမူကို သွေဖယ်နေတယ်လို့ မြန်မာအစိုးရက ဒီနေ့ တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က တူရကီ သတင်းဌာန Anadolu Agency ပြုလုပ်တဲ့ အင်တာဗျူးမှာ မဟာသီရာက ရိုဟင်ဂျာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရင်ဆိုင်နေရပြီး နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေကို နိုင်ငံသားဖြစ်ခွင့် ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးသင့်ကြောင်းနဲ့ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဟာသီရာရဲ့ ပြောဆိုချက်ဟာ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွတ် ဖက်ရေးမူကို သွေဖယ်နေပြီး အစိုးရနဲ့ နိုင်ငံခြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးယုတ်လျော့အောင် ထိခိုက်စေ တယ်လို့ ပြောခဲ့ပါတယ်။

"အာဆီယံမှာ ပြည်တွင်းရေး ဝင်ရောက်မစွတ်ဖက်ရေး မူရှိပါတယ်၊ နောက်နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေတည်တံ့မှုကို လေးစာလိုက်နာရမယ်ဆိုတဲ့ မူတွေရှိပါတယ်။ ဒီပြောကြားချက်က အာဆီယံရဲ့ ပဋိညဉ်မှာပါတဲ့ မူတွေနဲ့လည်း သွေဖယ်နေတယ်ဆိုတာ တွေ့ရပါတယ်" လို့ ဦးဇော်ဌေးကပြောခဲ့ပါတယ်။

"ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်နေတာတွေ အများကြီးရှိပါတယ်။ ဒီ ပူးပေါင်းဆောင်ရွက်မှုတွေကို အထောက်အကူမပြုတဲ့အပြင် ပိုပြီးယုတ်လျော့အောင် ထိခိုက်စေတဲ့ အနေအထားတွေ့ပါတယ်။ ရခိုင်ပြည်နယ်ကနေပြီးတော့ နေရပ်စွန့်ခွာသွားသူတွေအတွက် မြန်မာနိုင်ငံအစိုးရနဲ့ ဘင်္ဂလားဒေရှ့်အစိုးရ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေမှာလည်း ထိခိုက်မှု ရှိနိုင်ပါတယ်"

အခုလို ပြည်တွင်းရေးကိစ္စတွေပေါ်မှာ ဝေဖန်ပြောဆိုတာကို မြန်မာနိုင်ငံအနေနဲ့ လုံးဝလက်မခံဘဲ ကန့်ကွက်ကြောင်းနဲ့ အခုလို ကန့်ကွက်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်သူက မလေးရှားသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီလအစောပိုင်းမှာ စင်္ကာပူအာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြည်နှင်ဒဏ် ပေးခဲ့တဲ့ ရခိုင်လူမှုရေး အသင်းအဖွဲ့ဝင်တွေကို လက်ရှိရမန်နှစ်ပတ်နဲ့ ချုပ်နှောင်ထားပြီး စစ်ဆေးတွေ့ရှိချက် အထောက်အထားတွေအရ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဆီက သိရကြောင်းနဲ့ သိချက်တွေအပေါ်မှာ အခြေခံပြီး ဘယ်လိုအရေးယူမယ်ဆိုတာကို ဥပဒေအကြံပြုချက်တွေ တောင်းခံထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီကိစ္စမှာ ရဲတပ်ဖွဲ့က တရားလိုဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကို သိချင်ရင် ရဲတပ်ဖွဲ့ဆီက တောင်းယူနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။