မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒေသခံ ရှစ်ထောင်ကျော်က ဒီကနေ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေက ဧရာဝတီမြစ်ဆုံ မြစ်ညှာ၊ မြစ်ဝှမ်းစီမံကိန်း၊ ရေကာတာစီမံကိန်းတွေ အပြီးအပိုင်ဖျက်သိမ်းရေး၊ ဧရာဝတီမြစ် ထာဝစဉ် စီးဆင်းနိုင်ရေး၊ မြစ်ဆုံရေကာတာစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိလို့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာကို မြန်မာအစိုးရနဲ့ တရုတ်အစိုးရတွေကို သိစေချင်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မြစ်ဆုံဒေသခံ ဒေါ်လုရာက ပြောပါတယ်။
ဝိုင်းမော်မြို့နယ် ဒေသခံတွေအပြင် ရွှေညောင်ပင်၊ မန္တီးတီး၊ ဆန်းခါး၊ တာလောကြီး၊ နောင်ချိန်း၊ ဆဒုံ စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။