ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒေသခံတွေနဲ့ အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး အခုလို အတည်ပြုပြောကြားတာပါ။
"ရွာထဲကိုဝင်ပြီးတော့ စစ်ဆေးတဲ့အခါမှာ စုစုပေါင်း ၃ ဦး သေဆုံးတာကို တွေ့ရပါတယ်၊ နောက်တခါ ၄ ယောက်ကတော့ ဒဏ်ရာအသီးသီးရရှိတာကို တွေ့ရပါတယ်၊ ဒဏ်ရာရရှိတဲ့လူတွေကို တာဝန်ရှိသူတွေရဲ့အစီအစဉ်နဲ့ ကုသပေးနေတယ်လို့သိရပါတယ်”
ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ပုရိန်ကျေးရွာက ဒုက္ခသည်တွေနေထိုင်ဖို့ နေအိမ် ၁ဝ ခန်းတွဲပါတဲ့ တန်းလျားတွေ ဆောက်လုပ်ဖို့အတွက် မြစ်အတွင်းက သစ်ဝါးတွေကို လက်မကျေးရွာက အလုပ်သမား ၃၂ ဦးနဲ့ ကမ်းပေါ်ကိုတင်နေစဉ် ပုရိန်ကျေးရွာက အမျိုးသမီး၊ အမျိုးသား ၄ဝဝ လောက်က တုတ်၊ ဓား၊ လေးခွ၊ ဂျင်ကလိတွေ ကိုင်ဆောင်ပြီး အနီးမှာလုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ ရဲဝန်ထမ်းတွေကို ဝိုင်းဝန်းအန္တရာယ်ပြုဖို့ ကြံစည်ခဲ့တာကြောင့် စစ်တပ်နဲ့ ရဲဝန်ထမ်းတွေက သေနတ်ပစ်ဖောက် နှိမ်နင်းခဲ့ရတာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းက ဆိုပါတယ်။
အဓိကရုဏ်းဖြစ်စဉ် နောက်ပိုင်း ၂ နာရီခန့်အကြာ အခြေအနေတွေ ငြိမ်သက်သွားတဲ့အချိန်ကျမှ သေဆုံးသူ ၃ ဦးရဲ့ အလောင်းကို ကျေးရွာထဲမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုရိန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလအတွင်းက မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေရာနဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။