ငွေကျပ်သန်းနှစ်ထောင်ကို ပညာရေးဝန်ကြီးဌာန လွဲမှားသုံးစွဲတယ်လို့ ကိုယ်စားလှယ်ပြော


2018.08.27
pyitaungsu-hluttaw-622 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
Photo: Myanmar Union Parliament - facebook

ပညာရေးဝန်ကြီးဌာနဟာ ငွေကျပ်သန်း နှစ်ထောင်ကို လွဲမှားသုံးစွဲခဲ့တယ်ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင် က ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနဲ့ စပ်လျဉ်းတဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ လေ့လာတွေ့ရှိချက် တွေကို ဆွေးနွေးကြရာမှာ ဦးကျော်နိုင် က အခုလိုဆွေးနွေးခဲ့တာပါ။

"ပညာရေးကောလိပ် ၂၂ ကျောင်းအတွက် သင်ရိုးညွှန်းတမ်းတွေ၊ အထူးပြုမော်ဂျူးတွေ၊ သင်တန်း ဆွေးနွေးပွဲ အတွက် ပြည်ပသို့စေလွှတ်ခြင်း၊ စာအုပ်တွေ၊ ပညာရှင်ဆွေးနွေးပွဲတွေအတွက် လျာထား ငွေက ကျပ်သန်းပေါင်း ၂ ထောင်ဖြစ်ပါတယ်။ လျာထားချက်က သန်း ၂ ထောင် ဒါပေမဲ့ တစ်ပြားမှ မသုံးစွဲဘူးဆိုတာ ကျနော်တို့ရဲ့ မူဝါဒကို လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့သဘော သက်ရောက်ပါတယ်၊ အဲဒီ မသုံးစွဲတဲ့ငွေတွေကို ဂျီအာအက်ဖ်ကို ပြန်အပ်နှံခဲ့ပါတယ်၊ အဲဒီငွေကို ဝန်ထမ်းအိမ်ယာ၊ စာကြည့် တိုက်ဆောက်လုပ်ရန် ပြန်လည်တောင်းခံခဲ့ပါတယ်’’

ပညာရေးမြှင့်တင်မှုကဏ္ဍတွေမှာ အစိုးရရဲ့ မူဝါဒအရ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးမြှင့်တင်ဖို့ အရေးကြီး ကြောင်း၊ အခုလိုဝန်ကြီးဌာနရဲ့ဆောင်ရွက်ချက်တွေဟာ အစိုးရရဲ့ မူဝါဒတွေနဲ့ ကွာဟနေကြောင်း၊ တိုင်းပြည် ဘဏ္ဍာငွေကို ထိထိရောက်ရောက် သုံးစွဲဖို့လိုကြောင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အမျိုးသားလွှတ်တော် ဦးကျော်နိုင်က ပညာရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝါးသွားပြီလို့ ထည့်သွင်းပြောဆိုခဲ့တဲ့အပေါ် ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က အဲဒီပြောဆိုမှုဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပြောရမယ့်စကား မဟုတ်ဘဲ အရပ်သုံးစကားမျိုးဖြစ်နေတဲ့အတွက် ကိုယ်စားလှယ်တစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့အညီ စကားလုံးတွေကို ပြောဆိုသုံးနှုန်းဖို့ အရပ်စကားမပြောဖို့ဆိုပြီး သတိပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။