ကုလအချက်အလက် ရှာဖွေရေး အဖွဲ့ကို ပြည်ဝင်ခွင့်မပေးဖို့ ညွှန်ကြားမည်


2017.06.29
u-kyawtin-620.jpg နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကို ဇွန်လ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ်
Photo: Win Naung Toe/RFA

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တွေကို မြန်မာနိုင်ငံကို လာရောက်ခွင့် မပြုဖို့အတွက် မြန်မာသံရုံးတွေကို ညွှန်ကြားပြီး ကာကွယ်တားဆီးသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းရဲ့ရခိုင်ပြည်နယ် ကို စေလွှတ်ဖို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ပတ်သက်ပြီး အစိုးရက ကန့် ကွက်နေတဲ့ အခြေအနေအပေါ် မေးမြန်းခဲ့တဲ့ မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က အခုလို ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

"ကျနော်တို့အနေနဲ့ မြန်မာနိုင်ကိုတော့ လာရောက်ဖို့မပြုဖို့အတွက် မြန်မာသံရုံးတွေကို လိုအပ်တဲ့ညွှန်ကြား မှုများပြုလုပ်ကာ ကာကွယ်တားဆီးသွားမှာဖြစ်ပါတယ်"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်ကို အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်မယ့် ကိစ္စဟာ မြေပြင်အခြေအနေများနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြီးခဲ့တဲ့ ဥရောပ ခရီးစဉ်မှာ ရှင်းလင်း ပြောဆိုခဲ့ကြောင်းလည်း ဦးကျော်တင်က ထည့်သွင်းပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့မတ်လမှာ ကျင်းပတဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၄ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံ နဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို ဥရောပသမဂ္ဂက တင်သွင်းခဲ့ပြီး မဲမခွဲဘဲ အတည်ပြု ခဲ့တာဖြစ်ပါတယ်။

အဲဒီလို အတည်ပြုပြီးနောက် ပြီးခဲ့တဲ့မေလ ၃၀ ရက် နေ့မှာ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ကို လူ့အခွင့်အရေးကောင်စီက ခန့်အပ် တာဝန်ပေးထားပြီး မဏာမအစီရင်ခံစာကို ၂၀၁၇ ခုနှစ် စက်တင်ဘာလနဲ့ အစီရင်ခံစာအပြည်အစုံကို ၂၀၁၈ ခုနှစ် မတ်လမှာတင် သွင်းရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။