ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတဲ့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်တဲ့ လေးနိုင်ငံ QUAD ထိပ်သီးညီလာခံက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို အမြန်ဆုံးပြန်လည်လျှောက်လှမ်းနိုင်ရေး အာဆီယံဘုံသဘောတူညီချက်ကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဒီနေ့ မေလ ၂၄ ရက်နေ့မှာ တိုက်တွန်း လိုက်တယ်လို့ အိန္ဒိယအခြေစိုက် ANI သတင်းမှာ ဖော်ပြပါတယ်။
QUAD အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ မြန်မာနိုင်ငံက ဖြစ်ပျက်မှုတွေဟာ လူသားချင်း စာနာမှုဆိုင်ရာ ဆင်းရဲဒုက္ခတွေ ရင်ဆိုင်နေရတာ ဖြစ်တာကြောင့် ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်မှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ကြေညာချက်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံခြား သားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပြီး အပြုသဘောဆောင် တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့၊ လူသားချင်းစာနာမှုနဲ့ အကူအညီတွေပေးပို့နိုင်ရေးခွင့်ပြုဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်း နိုင်ဖို့ စတဲ့ အချက်တွေကို တောင်း ဆိုထားပါတယ်။
မြန်မာနိုင်ငံက ဒီအခြေအနေတွေ အဆုံးသတ်နိုင်ရေး အာဆီယံအသင်းရဲ့ ဆောင်ရွက်မှုကို QUAD အဖွဲ့က အလေးထားပြီး ပံ့ပိုးကူညီသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။