ရိုဟင်ဂျာအမည် မထည့်သွင်းဖို့ မျိုးနွယ်စု ၇ ခု ခေါင်းဆောင်တွေ တောင်းဆို


2014.03.20
census-rohingya-code-305.jpg ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရိုဟင်ဂျာအမည်မသုံးဖို့ စစ်တွေမြို့မှာ မတ်လ ၁၆ ရက်နေ့က ဒေသခံတွေ ဆန္ဒပြစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူရာ ရိုဟင်ဂျာလို့ ထည့်သွင်းခွင့်မပေးဖို့ ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်၊ ကမန်၊ မာရမာကြီး စတဲ့ မျိုးနွယ်စု ၇ ခု က ခေါင်းဆောင်တွေက ဒီနေ့  တောင်းဆိုလိုက်ပါတယ်။

တိုင်းရင်းသား ၇ မျိုးရဲ့ ခေါင်းဆောင်တွေဟာ ဒီနေ့ ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေး သားတင်ပြသွားမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ကမန်လူမျိုး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။

"ကျနော်တို့ ရခိုင်မျိုးနွယ်စုတွေပေ့ါနော်၊ ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်၊ ကမန်၊ မာရမာကြီးပေါ့၊ မျိုးနွယ်စု ၇ စုက ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက် တာနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာဆိုတဲ့ လူမျိုးနာမည် မထည့်ဖို့အတွက်ပေါ့နော် အစိုးရကိုတောင်းဆိုတာ ထည့်မယ်ဆိုရင်လည်း ကန့်ကွက်တယ်ပေါ့၊ အဲဒါကို ကျနော်တို့ သဘောထားထုတ်ပြန်တာပေါ့ဗျာ၊ အစိုးရအနေနဲ့လည်း တက်တက်ကြွကြွလုပ်ဖို့ တောင်းဆိုတာ"

ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ဘင်္ဂါလီလို့သာ ထည့်သွင်းစေချင်ကြောင်း၊ ရိုဟင်ဂျာလို့ ထည့်သွင်းဖို့ တောင်းဆိုနေတာတွေကို အစိုးရကဖြေရှင်းပေးဖို့ဆိုတဲ့ အချက်တွေကိုလည်း တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရိုဟင်ဂျာလို့  ထည့်သွင်းကောက်ယူတာမရှိဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင် ကမန်မျိုးနွယ်စုတွေအပါအဝင် လူမျိုးစု ၇ ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတိုင်းရင်းသားဆိုတာ မရှိတဲ့အကြောင်း ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်း လက်မှတ်ရေးထိုးပွဲပြု လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ကမန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦတင်လှိုင်ဝင်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။