AA နဲ့ ဆက်စပ်တယ်ဆိုပြီး ရခိုင်ဒေသခံငါးဦး ထောင်ဒဏ်တွေ ချမှတ်ခံရ
2023.09.15
ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ် အမ်း၊ စစ်တွေနဲ့ ကျောက်တော်မြို့နယ်တွေက ဒေသခံ ငါးဦးကို သက်ဆိုင်ရာမြို့နယ် တရားရုံးတွေကနေ ထောင်ဒဏ် နှစ်နှစ်စီ အသီးသီး ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
အမ်းမြို့နယ် ညောင်ချောင်းရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်တင်မြင့်၊ စစ်တွေမြို့နယ်က ဦးဘသိန်းနဲ့ ဦးမောင်မောင်ခင်၊ ကျောက်တော်မြို့နယ်က ကိုဇော်မိုးထက်နဲ့ ကိုကျော်မောင်သန်းတို့ကို စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၅ ရက်အတွင်းမှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
AA နဲ့ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့ အမ်းမြို့နယ်က ထောင်ဒဏ်ချမှတ်ခံရတဲ့ ဦးအောင်တင်မြင့်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“တရားမျှတမှု မရှိဘူးလို့ ပြောချင်ပါတယ်။ သူ့ကို မတရားဖမ်းဆီးပြီး ထောင်ချတယ်လို့တော့ အဲလိုမလုပ်သင့်ဘူးပေါ့နော်။ အဲဒီဘက် (AA) ကလူတွေနဲ့လည်း ပတ်သက်မှုမရှိဘူး။ ထောက်ခံခြင်းလည်း မရှိဘဲနဲ့ အဲလို သူက အရပ်က သမဝါယာမ ဥက္ကဋ္ဌလုပ်တယ်။ အမ်းမြို့က သမဝါယမရုံးကိုသွားပြီး ပြန်တဲ့အချိန် လမ်းမှာဖမ်းတာ”
ရခိုင်ပြည်နယ်မှာ AA စစ်ကောင်စီတပ်တို့ အပစ်အခတ် ရပ်စဲထားပေမယ့် စစ်ကောင်စီဘက်က AA သံသယနဲ့ ဖမ်းဆီးထားသူတွေကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)တို့နဲ့ အမှုဖွင့်တရားစွဲဆို ထောင်ချနေတာတွေ ဆက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း AA နဲ့ ဆက်စပ်တယ်ဆိုပြီး ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ဒေသခံခြောက်ဦးကို တောင်ကုတ်ခရိုင်တရားရုံးကနေ ထောင်ဒဏ် လေးနှစ်စီ ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တစ်ကျော့ပြန်တိုက်ပွဲ ရပ်စဲတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှုတွေထဲမှတော့ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ အချက်ပါဝင်တယ်လို့ AA ဘက်က ပြောဆိုထားပါတယ်။
AA နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) နဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့သူတွေထဲက ၆၁ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးလိုက်တယ်လို့လည်း ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဩဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီလို လွှတ်ပေးတာတွေရှိပေမယ့် AA နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်လက်ဖမ်းဆီး ထောင်ချခံနေရတာတွေလည်း ဆက်ရှိနေတယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။