AA ကို အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော် အတည်ပြု

ရက္ခိုင့်တပ်တော် (AA) နဲ့ သူ့ရဲ့နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ပေးဖို့ ပြည်နယ်အစိုးရက တစ်ဆင့် ပြည်ထောင်စုအစိုးရဆီ တိုက်တွန်းတဲ့အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည် နယ် လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်သူ မရှိလို့ လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းသာစိန်က ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ဆိုပြီး အကြမ်းဖက်အဖွဲ့အဖြစ် ကနေ ပယ်ဖျက်ပေးဖို့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၁ ရက်နေ့က လွှတ်တော်မှာ အဆိုတင်ခဲ့တာပါ။

အဲဒီအဆိုကို ဒီနေ့အတည်ပြုလိုက်ပြီဖြစ်တာကြောင့် ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်တိုက်တွန်းချက်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ ဆက်လက်ပေးပို့ရမှာလည်းဖြစ်ပါတယ်။

3.jpg
၂၀၂၁ ဇန်နဝါရီလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေး။(Photo: Min Thein Aung/ RFA)

ရက္ခိုင့်တပ်တော် AA နဲ့ သူ့ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA တို့ကို အစိုးရက မတရားသင်းအဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ သတ်မှတ်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီး လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့က ကြေညာခဲ့တာပါ။

AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ရေးဟာ တပ်မတော်ဘက်က သဘောထားပေးလာမှ အစိုးရဘက်က ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က RFA ကို ဇန်နဝါရီ ၁၁ ရက်နေ့က ပြောထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ဆိုတာ လက်တွေ့မြေပြင်အခြေအနေ၊ တိုးတက်ဖြစ်ပေါ်လာနိုင်မယ့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခြေအနေနဲ့ ဆက်လက်တိုးတက်ဖြစ်ပေါ်လာနိုင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေပေါ်မှာ မူတည်လိမ့်မယ်လို့ ဇန်နဝါရီ ၁၁ ရက်နေ့က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့ အချိန် ၂ နှစ်တာအတွင်း ရက္ခိုင့်တပ်တော် AA နဲ့ ဆက် နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံထားရသူပေါင်း ၂၇၀ ခန့်ရှိတယ်လို့ ဒီအမှုတွေကို လိုက်ပါကူညီပေးနေတဲ့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေ အထောက်အကူပြု အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။