မီးလောင်ခဲ့တဲ့ မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်း ပြန်ဆောက်ဖို့ ခက်ခဲနေ

2022.05.18
မီးလောင်ခဲ့တဲ့ မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်း ပြန်ဆောက်ဖို့ ခက်ခဲနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်း မီးလောင်ခဲ့သည့်နေရာအား ၂၀၂၂ မေလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က မီးလောင်သွားတဲ့ မဟာမုနိ စစ်ဘေး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေ ပြန်နေထိုင်ရေးအတွက် အဆောင်ပြန်ဆောက်ဖို့ ခက်ခဲ နေတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
 
လူနေအဆောင် ၂၆၂ ဆောင် မီးလောင်ဆုံးရှုံးသွားခဲ့ပြီး အလှူငွေတွေ နည်းပါးနေလို့ အခုလက်ရှိမှာ အဆောင် ၂၀ ကျော်လောက်သာ ပြန်လည်ဆောက်လုပ်နိုင်သေးတယ်လို့ အဲဒီစခန်းရဲ့ နာယက ဆရာတော်က RFA ကို မိန့်ပါတယ်။
 
“အခုလက်ရှိတော့ လူနေအဆောင် ၂၀ လောက်ပဲ ဆောက်နိုင်သေးတယ်။ နောက်ထပ် ၂၀၀ ကျော် ဆောက်ရဦးမယ်။ အလှူငွေတွေကလည်း နည်းလို့ မဆောက်နိုင်တာ။ နေအိမ်တစ် ဆောင်ကို ငွေကျပ် သုံးသိန်းလောက်ကုန်တယ်။ NGO အဖွဲ့အစည်းတွေကလည်း မပေးကြဘူး။ အစိုးရကလည်း ရိက္ခာ နည်း နည်းပဲ ထောက်ပံ့တယ်။ မိုးတွေ အများကြီးမရွာခင်ပြီးအောင် ဆောက်ရမယ်။ မိုးတွေအများကြီး ရွာလာ ရင် ပိုဆိုးသွားလိမ့်မယ်”
 
ဒုက္ခသည်တွေနေတဲ့ အဆောင် ၄၃၂ ဆောင်ထဲက ၂၆၂ ဆောင် မီးလောင်သွားခဲ့ပြီး စစ်ဘေး ဒုက္ခသည်တွေဟာ အခုလက်ရှိ မဟာမုနိဘုရားရဲ့ တောင်ဘက်က ဓမ္မာရုံမှာ စုနေကြရလို့ စားသောက်ရေးလည်း အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ် မျောက်တောင်၊ သာစည်၊ ရွှေပြည်၊ တင်းမ စတဲ့ ကျေးရွာတွေနဲ့ ပလက်ဝမြို့နယ် နှမဒါ၊ ပြိုင်းတိုင်း၊ စိမ်းစင်း စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ပေါင်း ၄၃၂ စုနဲ့ လူဦးရေ ၁၈၀၀ ကျော် ခိုလှုံနေရတာ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။