စစ်ကောင်စီကို ဝေဖန်မှုနဲ့ ရခိုင်ဒေသခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

RFA Burmese
2023.09.20
စစ်ကောင်စီကို ဝေဖန်မှုနဲ့ ရခိုင်ဒေသခံတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခံရသည့် ဦးစည်သူအောင်အား တွေ့ရစဥ်။
ဦးစည်သူအောင် ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ် တောင်ပိုင်း မာန်အောင်မြို့မှာနေထိုင်တဲ့ အသက် ၅၀ ခန့်အရွယ် ဦးစည်သူ အောင်ကို စက်တင်ဘာ ၁၉ ရက် မနေ့မနက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားပြီးနောက် အမှုဖွင့်ခံထားရ တယ်လို့  မြို့ခံတွေက ပြောပါတယ်။

ဦးစည်သူအောင်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ စစ်ကောင်စီကို ဝေဖန်မှုတွေကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတာလို့ မိသားစုဝင်နဲ့ နီးစပ်တဲ့ မာန်အောင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူက ဆိုရှယ်မီဒီယာထက်မှာ စစ်ကောင်စီမကောင်းကြောင်း ပြောတာရှိတယ်။ ပြီးတော့သူက ဗမာပြည်ဘက်ပြောင်းလာတဲ့သူ NLD အမာခံပေါ့။ အဓိကက PDF ကိုရည်ညွှန်းတဲ့သဘောမျိုးနဲ့ ဖမ်းတာလို့ ပြောလို့ရနိုင်တယ်”

လက်ရှိမှာ ဦးစည်သူအောင်ဟာ မာန်အောင်မြို့မရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ်လို့ လည်း သူက ပြောပါတယ်။

ဦးစည်သူအောင် ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကလည်း သံတွဲမြို့မှာ လူမှုရေးအလုပ်တွေ တက်တက် ကြွကြွ ပါဝင် လုပ်ကိုင်လေ့ရှိတဲ့ ဦးစိန်ချစ်ကို PDF ဆက်စပ်သံသယနဲ့ ရဲက ဖမ်းဆီးခဲ့သလို မြောက်ဦးမြို့နယ် ပန်းမော် ကျေးရွာက လူငယ်စာရေးဆရာ မင်းဒီပါ (ခေါ်) ကိုအောင်နိုင်မြင့်ကိုလည်း အလားတူဖမ်းဆီးခဲ့ပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။