ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာ အနီး တစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ရွာခံ ၃၀၀ ကျော်ဟာ ကုလားတန်မြစ်ကမ်းနား က ကြွေတောင်ကျေးရွာကို မနေ့က ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။
လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်နေရတာကြောင့် ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပလက်ဝမြို့နယ် ခူမီးလူငယ်အသင်း ဥက္ကဌ ဦးစတီဗင်က ပြောပါတယ်။
"တိုက်ပွဲအခြေအနေက အခုထိမငြိမ်ဘူးဖြစ်နေတယ်၊ တပ်တွေကလည်း အင်အားတိုးချဲ့နေတယ်၊ လုံခြုံရေးအရ လုံးဝစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် သူတို့တိမ်းရှောင်ရတဲ့ သဘောပေါ့နော်၊ "
အဲဒီ ပြိုင်ဆိုကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ပြီးခဲ့တဲ့ မတ်လကုန်နဲ့ ဧပြီလ ဒုတိယပတ်အတွင်းမှာ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။
ပြိုင်ဆိုကျေးရွာကနေ ခြေကျင်ခရီးနဲ့ ၂ရက်ကြာထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ ကုလားတန်မြစ် အနီး ကြွေတောင်ကျေးရွာမှာရှိတဲ့ လောက်တင်ကမ်းစပ်မှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာလည်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇၊ ၁၈ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၅၀၀ နီးပါးရှိပါတယ်။
ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး တိုက်ပွဲဖြစ်ပွားရာ ပီချောင်းဒေသအနီးတဝိုက်မှာရှိ တဲ့ ကျေးရွာအတော်များများက ဒေသခံတွေကို အစိုးရတပ်မတော်က လိုက်လံဖမ်းဆီး စစ်ဆေးနေပါတယ်။
မနေ့က ဖမ်းဆီးခံရတဲ့အထဲမှာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကျောက်တော်မြို့နယ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးဇော်ဝင်းမောင်ဆိုသူလည်းပါဝင်ကြောင်း သိရပါတယ်။