ပန်ဝါမှာ မြေရှားသတ္တုလုပ်ကွက် ပြိုကျမှုကြောင့် လူသုံးဆယ်ကျော် ပျောက်ဆုံးနေ

RFA Burmese
2024.06.20
ပန်ဝါမှာ မြေရှားသတ္တုလုပ်ကွက် ပြိုကျမှုကြောင့် လူသုံးဆယ်ကျော် ပျောက်ဆုံးနေ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်တွင် မြေပြိုကျမှုဖြစ်ပွားပြီး ပျောက်ဆုံးနေသူအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က ရှာဖွေနေစဉ်။
Citizen Photo

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးက ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း မိသားစုရဲ့ မြေရှားသတ္တုလုပ်ကွက်မှာ ဇွန်လ ၁၉ ရက် ည ၁၂ နာရီလောက်က မြေပြိုမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား သုံးဆယ်ကျော် ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။

မြေပြိုတဲ့နေရာဟာ ပန်ဝါမြို့နဲ့ သုံးမိုင်အကွာ ပါထိုင်ဟော်ဆိုတဲ့နေရာဖြစ်ပြီး ပန်ဝါအနီးတစ်ဝိုက် မြေရှားသတ္တုလုပ်ကွက်အားလုံးကရတဲ့ သတ္တုတွေကို ဖုတ်တဲ့နေရာဖြစ်တယ်လို့ ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်နေပေမဲ့ ဇွန်လ ၂၀ ရက်နေ့အထိ ပျောက်ဆုံးနေသူတွေကို မတွေ့ရသေးဘူးလို့ မြေရှားသတ္တု တူးဖော်သူတစ်ဦးက ပြောပါတယ်။

“သတ္တု ဖုတ်တဲ့နေရာပေါ့၊ အခုဖြစ်တာက။ တောင်ပေါ်ကနေ မြေပြိုပြီး သတ္တုဖုတ်တဲ့ အလုပ်သမားတွေ၊ ထမင်းချက်တဲ့ အမျိုးသမီးတွေလည်း ပါသွားတာ။ အိမ်တွေပါ အကုန်ပါသွားတာ။ အပေါ်မှာ မြေရှားသတ္တုထုတ်တဲ့နေရာ၊ အောက်မှာတော့ မြေရှားသတ္တုဖုတ်တဲ့နေရာပေါ့။ ဘယ်လောက်ပါလဲတော့ အတိအကျ မသိသေးဘူး။ ကျွန်တော်တို့သိထားတာက သုံးဆယ်ကျော် ပါသွားတယ်လို့ သိရတယ်။ အခုထိတော့ ရှာနေကြဆဲပဲ။ အလောင်းတော့ မတွေ့သေးဘူး”

မြေပြိုတဲ့နေရာကို သွားလာခွင့် ကန့်သတ်ထားသလို သတင်းမထွက်ဖို့လည်း ပြည်သူ့စစ်တွေက ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဇခုန်တိန့်ယိန်းရဲ့သား ဦးဇခုန်ယိန်းဆောင်နဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

ဇွန်လ ၄ ရက်ကလည်း ပန်ဝါမြို့နဲ့ ငါးမိုင်အကွာ နယ်ခြားမှတ်တိုင်အမှတ် (၃) ဘက်က မြေရှားသတ္တုလုပ်ကွက်တစ်ခု မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။ ဒီမြေပြိုမှုမှာလည်း တရုတ်နိုင်ငံသားသုံးဦး အပါအဝင် အလုပ်သမား နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ္ဘာ့သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာအရ ကချင်အထူးဒေသ(၁) ချီဖွေမြို့နယ်မှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက် ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး သတ္တုတူးဖော်တဲ့လုပ်ကွက် သုံးရာကျော်အထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။