ပန်ဝါက မြေရှားသတ္တုလုပ်ကွက်ပြိုကျမှု ၂၁ လောင်း ပြန်တွေ့ထား
2024.06.22
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါမြို့အနီးက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေထဲက ဇွန်လ ၂၂ ရက် ဒီနေ့အထိ ၂၁ ဦးရဲ့အလောင်းကို ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ဝါမြို့နဲ့ သုံးမိုင်ခန့်အကွာ ပါထိုင်ဟော် ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းမိသားစုတွေရဲ့ မြေရှားသတ္တုလုပ်ကွက်မှာ ဇွန်လ ၁၉ ရက်နေ့ည ၁၂ နာရီခန့်က မြေပြိုကျခဲ့တာဖြစ်ပြီး ထမင်းချက်တဲ့ အမျိုးသမီးတွေအပါအဝင် အလုပ်သမား ၃၁ ဦး ပျောက်ဆုံးခဲ့တာပါ။
လက်ရှိအထိ ပြန်လည်တွေ့ရှိထားတဲ့ အလောင်းတွေထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီးလေးဦးပါဝင်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အားလုံး ၂၁ လောင်းတွေ့ပြီ။ မိန်းကလေး လေးယောက်ပါတယ်။ အမျိုးသား ၁၇ ယောက်ပါတယ်။ ၁၁ ယောက်ရဲ့အလောင်းကိုတော့ ဒီနေ့သင်္ဂြိုဟ်တယ်။ အခုကျန်တာက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားကိုးယောက် ကျန်သေးတယ်”
မြေပြိုကျတဲ့အထဲမှာ တရုတ်နိုင်ငံသားတစ်ဦးပါဝင်ပြီး အများစုကတော့ မြန်မာပြည်အောက်ပိုင်းက အလုပ်လာလုပ်သူတွေနဲ့ ကချင်လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေတွေကိုမေးမြန်နိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
ဇွန် ၄ ရက်နေ့ကလည်း ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာ နယ်ခြားမှတ်တိုင်အမှတ် (၃) နားက မြေရှားသတ္တုလုပ်ကွက် မြေပြိုကျခဲ့ပြီး တရုတ်နိုင်ငံသားသုံးဦးအပါအဝင် အလုပ်သမား နှစ်ဆယ်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။