တပ်နဲ့ ညှိနှိုင်းမှု ပြေလည်သွားလို့ တိုက်ပွဲမရှိတော့ဘူးလို့ RCSS ပြော

ဝေမာထွန်း
2020-03-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်နဲ့ မိုင်းကိုင်မြို့နယ်က လွိုင်တောင်းတောင်ကြော တလျှောက်မှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တွေ သုံးရက်ကြာတိုက်ပွဲ ဖြစ်ပြီးတဲ့နောက် မတ် ၁ ရက် ဒီနေ့မှာ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းပြီးလို့ တိုက်ပွဲတွေ မရှိဘူးလို့ RCSS က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး လွိုင်တောင်းတောင်ကြောတလျှောက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က နယ်မြေကျော်လွန်တာလို့ တပ်မတော်က ပြောသလို RCSS ကလည်း တပ်မတော်က သူတို့ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ အပြန်အလှန် စွပ်စွဲခဲ့ကြတာပါ။

ဒီနေ့တော့ နှစ်ဖက်ညှိနှိုင်းပြီး RCSS က အဲဒီတောင်ကြောကနေ ဆုတ်ခွာပေးလိုက်တယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

“တပ်မတော်ဘက်နဲ့ ကျွန်တော်တို့ဘက်က ညှိနှိုင်းပြီးတော့ ဒီတိုက်ပွဲလေးကြောင့်ပဲ ရှေ့ဆက်ငြိမ်းချမ်းရေး တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ၂၁ ရာစု ပင်လုံတွေ မထိခိုက်စေချင်တဲ့ ဆန္ဒနဲ့ပဲ နှစ်ဖက်ဆုတ်ခွါခဲ့ပြီးပြီ။ တိုက်ပွဲငြိမ်သွားပြီနော်”

တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီး သုံးရက်အကြာမှာ ညှိနှိုင်းခဲ့ကြတာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တိုက်ပွဲတွေရပ်စဲရေးအတွက် တပ်မတော်ခေါင်းဆောင်တွေနဲ့ RCSS ခေါင်းဆောင်တွေကြား ညှိနှိုင်းဆောင်ရွက်နေပေမယ့် ရလဒ်ကို အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

“လိုက်လံပြီးတော့ ညှိနှိုင်းနေတာတော့ရှိတယ်။ ပြေလည်မပြေလည်တော့ ကျွန်တော်တို့ မသိသေးဘူးခင်ဗျ။ တိုင်းတွေကလည်း JMC-S အဖွဲ့ ဥက္ကဋ္ဌတွေကို။ ပြီးရင် NRPC ကိုလည်း သူတို့ဘက်က စာတင်ထားတာ ရှိပါတယ်”

၂၀၁၂ ခုနှစ် ဇန်နဝါရီလနဲ့ မေလမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ RCSS သဘောတူ ထားချက်အရ RCSS ရဲ့ နယ်မြေဟာ ဟိုမိန်းနဲ့ မုံးထနယ်မြေဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်တဲ့ နေရာဟာ သူတို့ပိုင် နယ်မြေကနေ မြောက်ဘက် ၂၀၀ ကီလိုမီတာခန့် ကျော်လွန်နေတယ်လို့ တပ်မတော်က ပြောပါတယ်။

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက လွိုင်တောင်းတောင်ဟာ NCA မထိုးခင်ကတည်းက RCSS နယ်မြေဖြစ်ပြီး လက်မှတ်ထိုးပြီးနောက်မှာလည်း တပ်မတော်က ပြောသလို တပ်နယ်မြေ အတိအကျ သတ်မှတ်နေရာချထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရသူတွေ ရှိခဲ့ပါတယ်။

လွိုင်တောင်းတောင်ခြေ ကျေးသီးမြို့နယ်ဘက်က မက်မန်း၊ ကောင်းမူး၊ ဝှေမောင်၊ ပါတက် စတဲ့ကျေးရွာတွေက ဒေသခံ ၁၇၀ ကျော်ဟာ ကျေးသီးမြို့ပေါ်နဲ့ ကျေးသီးမြို့နယ် ဝမ်ချင့် ကျေးရွာအုပ်စုက ဖက်မန် ဘုန်းကြီး ကျောင်းမှာ ခိုလှုံနေကြတာ ဒီနေ့ထိပါပဲ။  

ကျေးသီးမြို့ပေါ်မှာ ဒီနေ့ မနက် ငါးနာရီခွဲလောက်ကနေ မနက် ခုနှစ်နာရီဝန်းကျင်အထိ လက်နက်ကြီး ပစ်သံတွေကို ကြားနေတုန်းပဲလို့ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်း က ပြောပါတယ်။

“အာရုံတက်ချိန်ကနေ ခုနှစ်နာရီခွဲအထိ အသံတွေတော့ကြားရတယ်။ ဘယ်သူက ဘယ်လိုပစ်လဲမသိဘူး။ အဲဒါကို အသံစိပ်စိပ်ကြားရတာပေါ့။ အဲဒီအချိန်ကာလအတွင်းထဲမှာ အခုအချိန်အထိကတော့ တစ်နာရီခြား၊ နှစ်နာရီတစ်ကြိမ်၊ နာရီဝက်ခြား အဲလိုမျိုး လက်နက်ကြီးသံတွေတော့ ကြားနေရသေးတယ်ခင်ဗျ”

ဒါဟာ တိုက်ပွဲတွေမရှိတော့ပေမယ့် တပ်မတော်ဘက်က လွိုင်တောင်း တောင်ကြောတလျှောက်ကို ပစ်ခတ်နေတဲ့အသံတွေ ဖြစ်နိုင်တယ်လို့ RCSS ဘက်က ပြောပါတယ်။

မိုင်းကိုင်မြို့နယ်ဘက်မှာတော့ တိုက်ပွဲဖြစ်နေတဲ့ တောင်ခြေက ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ တွေဟာ တောင်ခြေနဲ့ သုံးမိုင်လောက်ဝေးတဲ့ ဟမ်းငိုက်ကျေးရွာကို သွားရောက်ခိုလှုံနေကြတာမှာ တိုက်ပွဲငြိမ်သွားလို့ ဒီနေ့ပဲ သူတို့ရွာတွေကို ပြန်သွားခဲ့ပါပြီ။

မနေ့ညကအထိ တိုက်ပွဲတွေဖြစ်ပေမယ့် ဒီနေ့မနက်မှာတော့ တိုက်ပွဲတွေငြိမ်သွားပြီလို့ သတင်းရလို့ စစ်ရှောင်တွေ နေရပ်ပြန်သွားတာလို့ မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းပန်က ပြောပါတယ်။

“ဒီနေ့တော့ တိုက်ပွဲတော့ မရှိတော့ဘူးခင်ဗျ။ ငြိမ်သွားပါပြီ။ RCSS ကလည်း နောက်ဆုတ်လိုက်တယ်လို့ ကြားတယ်။ တပ်ကလည်း လှုပ်ရှားမှုမတွေ့တော့ဘူး။ ရွာသားကလည်း အိမ်တွေပြန်ကုန်ကြပြီ။ မပြန်နိုင်သေးတဲ့ သားသည်မိခင်တို့၊ ကလေးနဲ့ အဘွားအိုတွေ အဲလောက်ပဲ ကျန်ခဲ့တယ်”

လွှတ်တော်ကိုယ်စားလှယ် စိုင်းပန်ဟာ စစ်ဘေးရှောင်တွေရှိနေတဲ့ ဟမ်းငိုက်ကျေးရွာကို ဒီနေ့ သွားရောက်ခဲ့တာပါ။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၇ ရက်နေ့မှာ တပ်မတော်ဘက်က အရာရှိနဲ့ တပ်သားတချို့ သေဆုံးဒဏ်ရာရတာ တွေရှိခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပေမယ့် သေဆုံးဒဏ်ရာရသူ စာရင်းအတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

အပစ်ရပ်လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့ကလည်း ဒီတစ်ကြိမ်ပြန်ဖြစ်တဲ့ တိုက်ပွဲကြောင့် မတ်လ ဒုတိယ အပတ်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းမှု ဆွေးနွေးရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေး တက်ရောက်ဖို့ ဆုံးဖြတ်ထားတာကို ပြန်သုံးသပ်သွားမယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေရပ်စဲရေးအတွက် နှစ်ဖက်တပ်ခေါင်းဆောင်တွေ ညှိနှိုင်းနေသလို ငြိမ်းချမ်းရေး ကော်မရှင်က တဆင့်လည်း ညှိနှိုင်းနေကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့