ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာအုပ်စု ဟိုနားရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ဒီနေ့ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံကျေးရွာသားတွေ ထွက်ပြေးလာရတယ်လို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။
ဟိုနားကျေးရွာက ထွက်ပြေးလာတဲ့ ဒေသခံ အယောက် ၁၀၀ ကျော်က နားမခေါ်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရပြီး တချို့တွေကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ သွားနေကြတယ်လို့ သိရပါတယ်။
ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်မြောက်ပိုင်းက ပရဟိတအဖွဲ့တွေက ကားတွေနဲ့ ခေါ်ယူပြီး ဘုန်းကြီးကျောင်းကို ပို့ပေးထားကြတာလို့လည်း သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ RCSS၊ SSPP၊ TNLA နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲ မကြာခဏဖြစ်ပွားမှုတွေကြောင့် ဒေသခံတွေဟာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။