မောက်မယ်မှာ RCSS နဲ့ PNLO တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/ PNLA တပ်တွေ မေလ ၂၀ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLO က ငါးယောက် သေဆုံးခဲ့တယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

PNLO တပ်သား ၃၀ လောက်ရှိတဲ့စခန်းကို RCSS ဘက်က အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်ပစ်ခတ်တာကြောင့် ပြန်လည်ခုခံတာလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“အောက်ခြေက သတင်းပို့လာတာတော့ မရှိသေးဘူး။ သတင်းတွေမှာတော့ ကျွန်တော်တို့ဘက်က ငါးယောက်သေတယ်လို့ ရေးတာတွေ့တယ်”

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခမ်းစံကတော့ PNLO စခန်းကို သွားရောက် ပစ်ခတ်တယ်ဆိုတဲ့ အချက်ကို ငြင်းဆိုပါတယ်။

“ဒီနယ်မြေမှာ RCSS စစ်ကြောင်းတွေကို PNLO ဘက်က အမြဲချောင်းမြောင်းပစ်ခတ်တယ်။ ဒီနေ့(မေလ ၂၀) တိုက်ပွဲမှာလည်း RCSS နယ်မြေနားကို ကပ်လာလို့ ပြန်လည်ပစ်ခတ်ရင်း တိုက်ပွဲဖြစ်တာ။”

တိုက်ပွဲပြီးတဲ့နောက် RCSS ဘက်က နယ်မြေရှင်းလင်းတဲ့အခါ PNLO တပ်ဖွဲ့ဝင် ငါးဦးရဲ့ ရုပ်အလောင်းတွေနဲ့ သေနတ် ငါးလက်သိမ်းဆည်းရမိခဲ့ပြီး PNLO ဖမ်းဆီးထားတဲ့ ဒေသခံ ငါးဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဗိုလ်မှူး ခမ်းစံကပြောပါတယ်။

ဒီတိုက်ပွဲဟာ မနက် ၅နာရီခွဲကနေ ၆နာရီအထိ ကြာမြင့်ပြီး လက်ရှိအချိန်မှာ အခြေအနေ တည်ငြိမ်နေတယ်လို့ ဗိုလ်မှူး ခမ်းစံက ပြောပါတယ်။

RCSS နဲ့ PNLO တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲက ခုနစ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးပွဲအပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။

ဒီလို တိုက်ပွဲတွေ မဖြစ်စေဖို့အတွက် RCSS နဲ့ တိုက်ရိုက်ဆွေးနွေးတာ၊ စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကနေ ဆွေးနွေးတာတွေ လုပ်သွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

RCSS ဘက်ကလည်း နောက်ထပ်တိုက်ပွဲတွေမဖြစ်အောင် စာပို့တာ၊ ဆွေးနွေးတာတွေ လုပ်သွားမယ်လို့ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသဟာ RCSS နဲ့ PNLO နှစ်ဘက်တပ်တွေ လှုပ်ရှားတာ၊ နယ်မြေစိုးမိုးဖို့ ကြိုးစားတာတွေကြောင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။