ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အစိုးရဘက်က စစ်ဆင်ရေးတွေ လုပ်နေတာကြောင့် မနေ့ကအထိ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်လို့ RCSS/SSA က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။
"ဖြစ်သေးတယ်ဗျ။ မနေ့က မိုင်းကိုင်နဲ့ ကျေးသီးမြို့နယ်အစပ်မှာ မိုင်းကိုင်မြို့နယ်ထဲကပဲပေါ့။ RCSS နဲ့ အစိုးရတပ်မတော်နဲ့ပေါ့။ မိုင်းကိုင်၊ ဟမ်းငိုင်းဖြစ်တာနဲ့ တဆက်တည်းပေါ့။ စဖြစ်တာက သူက နယ်မြေ တပ်က စစ်ဆင်ရေးတွေလုပ်နေလို့ပေါ့"
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကစတင်ပြီး မိုင်းကိုင်မြို့နယ်အတွင်းက ဟမ်းငိုင်းကျေးရွာအုပ်စုနဲ့ ဟိုခဲကျေးရွာ အုပ်စုတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာကနေ မနေ့ကအထိ မိုင်းကိုင်မြို့နယ်နဲ့ ကျေးသီးမြို့နယ်အစပ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူ ဒေသခံ တစ်ထောင်ကျော်ရှိနေပြီး မူလတန်းကျောင်းတချို့လည်း ပိတ်ထားရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ထဲက မိုင်းမုကျေးရွာအုပ်စု အနီးမှာလည်း RCSS နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA အပါအဝင် အဖွဲ့တချို့တို့ကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
နမ္မတူမြို့နယ်အတွင်းက တိုက်ပွဲတွေဟာ နယ်မြေစိုးမိုးရေးကိစ္စအပေါ် အခြေခံပြီး ဖြစ်ပွားနေတာဖြစ်ပြီး အဲဒီဒေသမှာ RCSS တပ်တွေကို တဖက်လက်နက်ကိုင်တပ်တွေက မရှိစေလိုဘူးလို့ RCSS ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။
မနေ့ကနဲ့ ဒီနေ့မှာ နမ္မတူမြို့နယ်အတွင်း တိုက်ပွဲတွေ မဖြစ်တော့ဘဲ ပြန်ငြိမ်သွားပြီဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ထောင်ကျော်ထဲက တချို့ဟာ သူတို့ရဲ့ကျေးရွာကို ပြန်သွားကြည့်ကြတာတွေ ရှိနေပါတယ်။
